စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသားများကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၁၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသားများအား ဈေးကားများဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ လှည့်လည်ရောင်းချရာတွင် အမဲသား(အသား)၁၂၀ ပိဿာ၊ အမဲသား(အရိုးအသား) ၁၅၀ ပိဿာတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်အင်္ဂါ နေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။