စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာကျပ် ၆,၆၂၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာဈေးနှုန်းများဆက်တိုက်ကျဆင်းလျက်ရှိ

နေပြည်တော်၊ မေလ ၁၁

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည် ၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင် ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်း ဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊မေလ ၁၂ ရက်နေ့မှ  ၁၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆,၆၂၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအသိပေးထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။ 

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။    စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာ နိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီ တစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းတစ်ပိဿာလက်ကားရည်ညွှန်းဈေးနှုန်းမှာ လည်း အဆိုပါ ၄ လတာကာလအတွင်း ၆၆၀ကျပ် ကျဆင်းလာကြောင်း သိရှိရပါသည်။