ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား စသည့် ကုန်မျိုးစုံများအားသက်သာသောဈေးနှုန်းဖြင့် နှစ်ဆယ်ရက်မြောက်နေ့အဖြစ် လှည့်လည် ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဧပြီ ၁၉ 

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့် ကုန်မျိုး စုံဈေးကားများသည်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၁၉ ရက်နေ့တွင် နှစ်ဆယ်ရက်မြောက်နေ့အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်း ကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်း အိမ်ရာများ၊ ခရေအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်း အိမ်ရာရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ဆံ့(မနောသုခ-Export Quality) ၈၉၇၅ အိတ်၊ ဆန် ၅ ပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) ၂၀၃၀ အိတ်၊ ဆီ ၂၁၉၈၅ ပိဿာ၊ ဆားကြမ်း ၅၀ ကျပ်သားပါအိတ် ၁၇၀၀ ထုပ်၊ ဆားချော ၂၅ ကျပ်သားပါအိတ် ၃၈၇၂ ထုပ်၊ ငါးပိ ၂၀ ကျပ်သားပါ ဘူး ၁၀၅၀၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၄၇၃၃ ထုပ်၊ ကြက်ဥ အလုံး ၉၀၊ ဘဲဥ အလုံး ၂၀၊ ငါးနီတူးခြောက်များ၊ ခေါက်ဆွဲခြောက် အထုပ်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ပါသည်။

   အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၄၄၀ အိတ်၊ စားအုန်းဆီ ၃၃၀၀၀  ပိဿာ၊ ခေါက်ဆွဲခြောက် ၃၅၂ ဖာ၊ ကုလားပဲ ၂၅ ကျပ်သားထုပ် ၃၅ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၃၀ ဘူး၊ ဆားချော ၅၀ ကျပ်သားပါ ၃၇ ထုပ်၊ ကြက်ဥ ၃၀၄၃ လုံး၊ ဘဲဥ ၅၂၅ လုံး၊ ငါးနီတူးခြောက် ၂.၅ ပိဿာ ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (‌ရွှေဝါထွန်း) ၂၄၆ အိတ်၊ စားအုန်းဆီ ၃၅၂၀ ပိဿာ၊ ကုလားပဲ ဘူး ၄၀၊ ဆားကြမ်း ၇ ပိဿာ၊ ငါးပိ ၅ ပိဿာ၊ ကြက်ဥ ၄၄၅၆ လုံး၊ ကြက်သွန်နီ ၄၅၀ ပိဿာ၊ အသားတု ၁၅ ပိဿာ၊ ငါးနီတူးခြောက် ၂ ပိဿာ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။