ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်းများသည် အဓိကပြည်ပဝင်ငွေရရှိနေသော ပစ္စည်းများဖြစ်သည်။ ထိုပို့ကုန်ပစ္စည်းများကို ဘဏ္ဍာနှစ်အလိုက် ပို့ကုန်လျာထားချက်များ ချမှတ်၍ တင်ပို့လျက်ရှိသည်။ ပဲမျိုးစုံကဏ္ဍတင်ပို့မှုတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လျာထားချက်မှာ တန်ချိန် ၁,၈၉၅,၄၁၀ နှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁,၇၄၆ သန်းဖြစ်သည်။ လျာထားချက်အပေါ် ဧပြီလမှ ဖေဖော်ဝါရီလအထိ အမှန်တင်ပို့မှုမှာ တန်ချိန် ၁,၈၂၂,၈၂၇ နှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁,၅၅၈ ဒသမ ၉၁၄ သန်းဖြစ်၍ လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေး မတ်လအတွင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
မတ်ပဲတင်ပို့မှုအနေဖြင့် ၈၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယဈေးကွက်သို့ တင်ပို့ပြီး မြန်မာ၊ ပါကစ္စတန်၊ ယူအေအီး၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ နီပေါ၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ ပေါင်း ၃၂ နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ ပဲစင်းငုံနှင့် မတ်ပဲ လွတ်လပ်စွာတင်သွင်းခွင့်ကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ တိုးမြင့်သတ်မှတ် ခွင့်ပြုခဲ့သည်။
ပြည်တွင်းပဲစိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မတ်ပဲ စိုက်ဧက ၇ သောင်းကျော် ပိုမို စိုက်ပျိုးထားပြီး ယခင်နှစ်ထက် တန်ချိန် ၆ သောင်းကျော် ပိုမိုထွက်ရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အလယ် ပိုင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပဲမျိုးစုံကို အဓိကစိုက်ပျိုးကြပြီး ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်တွင်လည်း စိုက်ပျိုးကြသည်။ မွန်ပြည်နယ်နှင့် အခြားဒေသများတွင်လည်း စိုက်ပျိုး ကြသည်။
မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော ပဲအမျိုးအစားများမှာ မြေပဲ၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ထောပတ်ပဲ၊ ပဲစင်းငုံ၊ ပဲနီပြား၊ ပဲလွမ်းဖြူ၊ ဗိုလ်ကိတ်၊ ပဲပုပ်၊ ပဲကြီး၊ ပဲပိစပ်တို့ဖြစ်သည်။ ပြည်တွင်း စားသုံး၍ ပိုလျှံမှုအားလုံးကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်ပစျေးကွက် လိုအပ်ချက်ကို လေ့လာ၍ တိုးချဲ့စိုက်ပျိုးသင့်သည့် ပဲအမျိုးအစားများ၊ အထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ စျေးနှုန်းစျေးကွက်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။