စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဒေသဆိုင်ရာအညွှန်း(Geographical Indications-GIs)နှင့်စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ မတ်လ ၂၀ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် -၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာ အညွှန်း(Geographical Indications-GIs) နှင့်စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာ၌ စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန် သော မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်ဟူသည့် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာအညွှန်း အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိ နားလည်နိုင်စေရန်နှင့် မှတ်ပုံတင်လက်ခံဆောင်ရွက်သည့်အချိန်တွင် လွယ်ကူချောမွေ့စွာ လျှောက်ထား နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် စီးပွားရေး ဦးတည်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင် ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတိုးတက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်အမျိုးအစားများအနက် တစ်ခုဖြစ်သည့် ဒေသဆိုင် ရာ အညွှန်း (Geographical Indications-GIs) အကာအကွယ်ပေးခြင်းသည်လည်း နိုင်ငံတွင်းရှိ ဒေသ ထွက်ကုန်များ၏ အရည်အသွေးများမြှင့်တင်နိုင်စေရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင် ရောက်နိုင်စေရန် အထောက်အကူဖြစ်စေမည့် စီးပွားရေးကိရိယာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဆိုင်ရာအညွှန်း (Geographical Indications-GIs) မှတ်ပုံတင်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားရန်ပြောကြားသည်။
ယင်းနောက် ဒေသဆိုင်ရာအညွှန်း (GIs) ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေသဆိုင်ရာအညွှန်း နည်းဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ သိကောင်း စရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဒေသဆိုင်ရာ အညွှန်း (GIs)နှင့်စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ ဖိတ်ကြားထားသော အရာထမ်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။