ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန်တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခြင်းနှင့် ပို့ကုန်သီးနှံကြိတ်ခွဲသန့်စင် စက်ရုံများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဧပြီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန်တင်သွင်းနိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ကြရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံကျသည့်အုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် ပို့ကုန် နှစ်ဆတိုးမြှင့်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်၊ အထည်ချုပ်၊ စက်မှုကုန်ချောအစရှိသည့် ပို့ကုန်များကို တိုးမြှင့်တင်ပို့ ပေးရန်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစျေးကွက်ချဲ့ထွင်နိုင်ရေးအတွက် စီးပွားရေးသံမှူးများက ပံ့ပိုး ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ မဖြစ်မနေလိုအပ်သော ကုန်ကြမ်းများ၊ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို စနစ်တကျ စိစစ်တင်သွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေ လိုပါကြောင်းနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ရွှေဝါရောင်ဆန်စက်နှင့် ဆန်သိုလှောင်ရုံသို့ရောက်ရှိရာ ရှင်းလင်းဆောင် တွင် တာဝန်ရှိသူတစ်ဦးမှ ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် ဆန်များကြိတ်ခွဲ နေမှုတို့အား ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် စက်ရုံတွင် ဆန်အား သန့်စင်ခြင်း၊ အခြောက် အရောင်တင်ခြင်း၊ ဆန်ကွဲ ခွဲထုတ်ခြင်း၊ ရေနှင့်ထပ်မံအရောင်တင်ခြင်း၊ ဆန်အဆင့်အတန်း ခွဲခြားခြင်း၊ အရောင်ခွဲခြားခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းစဉ်များနှင့် ပြည်ပသို့ တင်ပို့ရန် သိုလှောင် ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့၊ သာဓုကန်စက်မှုဇုန်ရှိ Diamond Arrow General Trading Co., Ltd. ၏ နှမ်းသန့်စင်စက်ရုံနှင့် Bright Light Group Co., Ltd. ၏ ပဲမျိုးစုံ သိုလှောင်ရုံနှင့် ပဲသန့်စင်စက်သို့ ရောက်ရှိပြီး ပဲမျိုးစုံနှင့် နှမ်းသန့်စင်ခြင်း၊ အရွယ်အစား ခွဲခြားခြင်း၊ အလေးချိန်ရွေးချယ်ခြင်း၊ ခဲရွေးခြင်း၊ အရောင်ခွဲခြင်း၊ အရွယ်အစားရွေးခြင်းနှင့် ထုပ်ပိုး ခြင်းလုပ်ငန်းစဉ်တို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ အဆင့်မီပို့ကုန် များရရှိရေးအတွက် စက်ပစ္စည်းများအရည်အသွေး မြှင့်တင်သွားရန်တို့အား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာဓုကန်စက်မှုဇုန်ရှိ Shwe Me Group of Companies ၏ ပြောင်းသိုလှောင်ရုံသို့ ရောက်ရှိပြီး ပြောင်းများသိုလှောင်ထားရှိမှုနှင့် ပြည်ပသို့ တင်ပို့ရန် ပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူများအား ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ရည်မှန်းဆောင် ရွက်ရန်၊ စိုက်ပျိုးထုတ်လုပ်မှုများကို ခေတ်မီနည်းပညာများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို စိုက်ပျိုးထုတ်လုပ်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆောင်ရွက်ရန်တို့ကို လမ်း ညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန် ရှိ Light House Enterprise Co., Ltd. ၏ Myanmar Standard Rubber - MSR-20 (Technically Specified Rubber - TSR-20) ထုတ်လုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး ရော်ဘာထုတ်ကုန် MSR- 20 များကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့ရန်၊ ကုန်ကြမ်းသန့်စင်သည့် ရေများအား treatment ပြုလုပ်ပြီး အသုံးပြုရေးဆောင်ရွက်ရန်၊ ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အတွက် ရေဆိုးများကို Recycle Water ပြုလုပ်သုံးစွဲရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် ပြည်ပတင်ပို့ရာတွင် ဝယ်ယူမည့်နိုင်ငံ၏ သတ်မှတ်ချက်စံချိန်စံညွှန်းပြည့်မီ အောင် ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
