စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

      တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများ၏ အရည်အသွေး စံချိန်စံနှုန်း ပြည့်မီစေရေးအတွက် လိုအပ်သည့်စက်ကိရိယာနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည့် အမယ်များ ပိုမိုတိုးမြှင့် ရရှိနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများတိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်မည့်အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

     ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ၁၄:၃၀ နာရီအချိန်တွင် ပြည်‌ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

      တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ အပါအဝင် အဓိကပို့ကုန်များအား လာအိုနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး၊ ကျိုင်းလပ်-စီအင်ကောက်တံတားမှတစ်ဆင့် ကုန်စည်နှင့် လူများဝင်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် အပြည်ပြည် ဆိုင်ရာဝင်/ထွက် ဂိတ်အဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေးနှင့် ဝမ်ပုံ- ဘန်မောင်းမန်နယ်စပ်ဂိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

     အဆိုပါတွေ့ဆုံပွဲများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။