(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (၂၀၂၅) အဆင့်အတန်း ပြည့်မီစွာ ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

          (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါကုန်စည်ပြပွဲ အဆင့်အတန်းပြည့်မီစွာ ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၀၉:၀၀ နာရီ အချိန် တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကုန်စည်ပြပွဲသို့ လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အဖွင့် အမှာစကားပြောကြားရာတွင် (၂၂) ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ဂုဏ်ထူးဆောင်နိုင်ငံ (Country of Honor) အဖြစ် ပါဝင်ပြသမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အားရွေးချယ်၍ နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင် (Pavilion of City of Charm) ကိုလည်း ပါဝင်ပြသမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ၏ ကုန်စည်ပြခန်းဆောင်တွင် ပြခန်း (၁၂၀) ခန်းဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်၊ ကော်ဖီ၊ အထည်အလိပ်၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပယင်းစသည့် ကျောက်မျက် လက်ဝတ်ရတနာများအပြင်  မြန်မာ နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ ဆက်စပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုပါ ခင်းကျင်းပြသမည် ဖြစ်ပါကြောင်း၊ ကုန်စည်ပြပွဲသို့ လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များ ကို အဆင့်အတန်းမီမီ ခမ်းနားထည်ဝါစွာဖြင့် ခင်းကျင်းပြသသွားရန် လိုအပ်ပါကြောင်း၊ ကုန်စည်ပြပွဲ ကာလအတွင်း မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား၊ နီလာတို့ကို တရုတ်နိုင်ငံ၌ ဈေးကွက်ရရှိရေး အခမ်း အနားကိုလည်း  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲ၏ မြန်မာပြခန်းဆောင်တွင် ရွှေဘို ပေါ်ဆန်းမွှေးနှင့် ဧရာပေါ်ဆန်းမွှေးဆန်များကို ချက်ပြုတ်၍ မြန်မာ့ရိုးရာဟင်းလျာများနှင့်အတူ ကုန်စည်ပြပွဲလာရောက်ကြည့်ရှုသူများအား အမြည်းကျွေးမွေးခြင်း၊ မြန်မာ့ကော်ဖီဖြင့် ဧည့်ခံခြင်းတို့ စီစဉ်ကာ မြန်မာ့ပေါ်ဆန်းမွှေးနှင့် ကော်ဖီအား တရုတ်နိုင်ငံဈေးကွက် ရရှိရေးကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ ဈေးကွက် ရရှိရေးအတွက် လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း၊ ကုန်စည်ပြပွဲသို့ တက်ရောက်ကြသူများသည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ရှင်များဖြစ်ကြသဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာသူများနှင့် ရင်းနှီးမှုရရှိ ရေး၊ ဆက်သွယ်မှုရရှိရေးအတွက် သတင်းအချက်အလက်များစုဆောင်းကာ Business Networking ကို တည်ဆောက်နိုင်ရေး မမေ့ကြရန်လည်း သတိပေးလိုပါကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဖိတ်ခေါ်ကြစေလိုကြောင်းနှင့် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် ကုန်စည်ပြပွဲ စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါသည်။ 

          အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကုန်စည်ပြပွဲသို့ လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်း ရှင် ( ၁၁၀ ) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။