စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ၂၀၂၅ ခုနှစ်အတွက် ပညာရည်ထူးချွန်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားသို့
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရုံးအမှတ် ၃ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ‒၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ်အတွက် ပညာရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို အမျိုးသားရေးမျှော်မှန်းချက်ချမှတ်ပြီး ခေတ်နှင့်လျော်ညီသည့် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို စီမံကိန်းချမှတ်၍ အကောင်အထည်ဖော် အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာသင်ယူတတ်မြောက်ရေး၊ ဘက်စုံထူးချွန် ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေးနှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာရေးဟူသည့် မျှော်မှန်းချက်များ အောင်မြင်အောင် စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/ သမီးများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးနှင့် အထောက် အပံ့ဖြစ်စေရေးတို့အတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်စဉ်တိုးမြှင့် ထောက်ပံ့ပေးလျက်ရှိပါ ကြောင်း၊ သို့ဖြစ်ရာ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သား/သမီးများကို ပညာတတ်လူချွန် လူကောင်းများဖြစ်လာစေရေးအတွက် အလေးထားပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့်အတိုင်း ပညာရည်မြင့်မားမှသာ မိမိ ဘဝတိုးတက်မည်ကို သိရှိနားလည်ပြီး ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်အောင်၊ နိုင်ငံတော်က အားထားရသည့် သားကောင်း၊ သမီးမွန်ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြပါဟု တိုက် တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ရာ ယခုနှစ်ပညာသင်နှစ်တွင် ဝန်ကြီး ဌာနမှ ဝန်ထမ်းသားသမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁,၁၁၀ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၃၃,၃၆၀,၀၀၀/- (ကျပ်သုံးရာသုံးဆယ့်သုံးသိန်းခြောက်သောင်းတိတိ) အား ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနအလိုက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံသို့ အသီးသီးပေးအပ်ပြီးနောက် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ မသီရိနိုင်အား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၅ ဦးနှင့် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၃ ဦးတို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းက တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၈ ဦးတို့အား လည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ မသီရိနိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း နှင့် ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။