စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ “ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂၅

          အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားသည့် ပြောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်စေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြောင်းသီးနှံအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထောက်အကူ ဖြစ်စေရေး နှင့် ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို အစိုးရ-ပုဂ္ဂလိက (Public Private Partnership - PPP) ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရန် ရည်ရွယ်၍ “ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း များ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော် ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီမှုရှိသည့် ပြောင်းသီးနှံမျိုးကောင်း မျိုးသန့်များကို ပြောင်းလဲစိုက်ပျိုးရေးသည် အဓိကကျသည့်အချက် ဖြစ်ပါကြောင်း၊ စိုက်ပျိုးထွက်ရှိ လာသည့် ပြောင်းကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းဖြင့် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ် စေမည်ဖြစ်ပါကြောင်း၊ ပြောင်းတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့်အပြင် ပြည်တွင်းရှိ ဆေးဝါးနှင့် စားသောက်ကုန်များ ထုတ်လုပ်ရာ၌ လိုအပ်သောကုန်ကြမ်းများ တင်သွင်းရမှုကိုလည်း အစားထိုးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပို့ကုန်တန်ဖိုး နှစ်ဆတိုးမြှင့်ရေး မူဝါဒအကောင်အထည် ဖော်မှုကိုလည်း အထောက်အကူပြုလျက် နိုင်ငံ့စီးပွားပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် လက်တွေ့ဆောင်ရွက်နိုင်မည့်အချက်များကို ဖော်ထုတ်နိုင်ရေး တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ပညာရှင် (၇)  ဦး က ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှု၊ အသေးစား၊ အငယ် စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးအရင်းနှီးထောက်ပံ့မှု၊ မွေးမြူရေးအစားအစာ ထုတ်လုပ်နိုင်မှု၊ ပြည်ပတင်ပို့မှု၊ ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာစိန်ခေါ်မှုနှင့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သုတေသနပြုစာတမ်းများကို ဖတ်ကြား တင်သွင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၁၂၀ ဦး ခန့် တက်ရောက်ခဲ့ကြ ပြီး ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ဆွေးနွေးဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။