စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏_ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို ယနေ့နံနက် ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်‒၅၂ ၊ စားသုံးသူရေးရာဦးစီးဌာနရုံးအနီးရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်  ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရန်၊ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရန်၊ လေထုကိုသန့်စင်ပေးနိုင်ရန်၊ မြေဆီလွှာတိုက်စားမှုကိုကာကွယ်နိုင်ရန်၊ စားရေ ရိက္ခာဖန်တီးပေးရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရန် ရည်ရွယ်၍ သစ်ပင်များစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထိန်းသိမ်းနယ်မြေဧရိယာအတွင်း ၂၀၀၆ ခုနှစ်မှစ၍ ခြုံနွယ်ပိတ်ပေါင်းနှင့် မြေများရှင်းလင်းပြီး ဝန်ထမ်း သက်သာချောင်ချိရေးကိုရည်ရွယ်ပြီး ရုံးအမှတ်- ၃ တွင် သရက်ပင် ၆,၈၄၅ ပင်နှင့် ရုံးအမှတ်- ၅၂ တွင် သရက်ပင် ၅,၁၅၉ ပင်၊ ဝါးပိုးဝါးပင် ၁,၀၀၀ ၊ ရတနာတန်းဝင်ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် အရိပ်ရ လေကာပင် ၂,၈၀၀ ပင်တို့ကို စိုက်ပျိုးခဲ့ပါကြောင်း၊ ယခုနှစ်မိုးရာသီမှာလည်း ဆက်လက်စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ ထာဝရကုသိုလ်ရဖို့ သစ်ပင် စိုက်ပျိုးထိန်းသိမ်းစို့ ဟူသည့် ဆောင်ပုဒ်၊ တစ်သက်ပျော်ချင် သစ်ပင်စိုက် စသည့် အဆိုအမိန့် စကားရပ် များနှင့်အညီ ယခုစိုက်ပျိုးမည့်အပင်များကို ရှင်သန်အောင်စိုက်ပျိုးရမည့်အပြင် စိုက်ပျိုးပြီးအပင်များကို လည်း ရှင်သန်ဖြစ်ထွန်းစေရေး ဝန်ထမ်းများက ဝိုင်းဝန်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးကာ ဒုတိယ ဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်း ဝင်ကျွန်းပင် ၂၁၅ ပင်၊ သီးပင်စားပင်မျိုးစုံ ၁,၄၅၀ ပင်နှင့် ဝါးပိုးဝါး ၁,၅၀၀ ပင်တို့ကို စိုက်ပျိုးခဲ့ကြ ကြောင်း သတင်းရရှိသည်။