မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) တွင် ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်- ၅၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/ ၂၀၂၅ သို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားသည်။
အမှာစကားပြောကြားရာတွင် မိမိတို့ကော်မရှင်၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ဥပဒေပါ လုပ်ငန်း တာဝန်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခဲ့ပြီးဖြစ်သကဲ့သို့ လက်ရှိအစိုးရ တာဝန်ထမ်းဆောင်သည့်ကာလတစ်လျှောက် ကော်မရှင်အနေဖြင့် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ ကိုလည်း အချက်အလက် မှန်ကန်စွာဖြင့် စနစ်တကျပြုစုဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ မကွေးခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်များတွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်ကြားမှုလက်ခံဖြေရှင်းသည့် လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ကျန်ဒေသများတွင်လည်း တိုးချဲ့ဖွင့်လှစ် နိုင်ရေးဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် စားသုံးသူတိုင်ကြားမှုအများဆုံးဖြစ်သော အွန်လိုင်းငွေကြေး ဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် မော်တော်ယာဉ်အရောင်းကဏ္ဍများနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးသူဘက်မှ မှားယွင်းမှုများ၊ ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသော စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးနိုင်ခဲ့ပါကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသော တိုင်ကြားမှုများကိုလည်း ထိထိရောက်ရောက်ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စားသုံးသူ အသိပညာပေး ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန် အထိ လူဦးရေ ၆.၄၀ သန်းကို အသိပညာပေးဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၂.၄၈ ရာခိုင်နှုန်းကျော် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ရာ စားသုံးသူအသိပညာပေးကဏ္ဍကိုလည်း နယ်ပယ်အသီးသီးတွင် တိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားသုံးသူရေးရာကော်မတီများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် လုပ်ငန်းသဘောသဘာဝချင်း ဆက်စပ်နေသော ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် က ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေး၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက In person ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီးများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။