စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအား လိုက်လံကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်း မှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်၊ တပေါင်းကွင်း၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေး လျက်ရှိသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းသည် ပြခန်းများတွင် ခင်းကျင်းရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကို ပြည်သူများအား လက်တွေ့စစ်ဆေးစမ်းသပ် ဝယ်ယူ နိုင်ရေးအတွက် အရည်အသွေး စမ်းသပ်စစ်ဆေးသည့် ကိရိယာများဖြင့် သရုပ်ပြစစ်ဆေးမှု အခြေ အနေများ၊ ဘိလပ်မြေ ရောင်းဝယ်မှုအခြေအနေများ၊ လုပ်ငန်းသုံး မီးစက်သေးနှင့် မီးစက်ကြီးများ ရောင်းချနေမှုအခြေအနေများ၊ အိမ်ဆောက်ပစ္စည်းရောင်းချမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ခဲ့ပြီး ရောင်းချပွဲသို့ လာရောက်ကြသည့် ပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် ပစ္စည်းများ အား ဝယ်ယူရရှိနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါ သည်။
အဆိုပါရောင်းချပွဲ၏ ပဉ္စမမြောက်နေ့အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် လုပ်ငန်းသုံး ပစ္စည်းများအား ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခု ဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကို ခင်ကျင်းပြသရောင်းချပေးလျက်ရှိပြီး အဆိုပါရောင်းချပွဲအား ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့အထိ ပြသရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သက်သာ သောဈေးနှုန်းဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။