မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ် ၂၅
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၂ ၌ ကျင်းပရာ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဖိတ်ခေါ်ရန်လိုကြောင်း၊ ထို့အပြင် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများပါဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီများမှ Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေပြီဖြစ်၍ ပိုမိုတိုးတက်ထုတ်လုပ်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး မြန်မာအစိုးရအသိအမှတ်ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်းထားသည့် Kyauk Phyu SEZ Consortium Company Limited နှင့် တရုတ်နိုင်ငံဘက်မှ CITIC Consortium တို့အကြား နီးနီးကပ်ကပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်ပ တင်ပို့မှုတိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဇုန်အတွင်းရှိ လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထိန်လင်းက ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို လုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။