စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇ / ၂၀၂၅ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ မတ်လ ၁၇ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်- ၃ ၊ အစည်းအဝေးခန်းမ- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ထမ်းများအနေဖြင့် ဥပဒေသဘောတရားများ သိရှိနားလည်ပြီး တည်ဆဲဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့လိုက်နာကျင့်သုံးနိုင်ခြင်းဖြင့် ပေးအပ်သောတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာထမ်း ဆောင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဥပဒေနှင့် သက်ဆိုင်သည့်အကြောင်းအရာများအား သင်တန်းနည်းပြများနှင့် အပြန်အလှန် သင်ကြား၊ သင်ယူဆွေးနွေးကြရန်နှင့် သင်တန်းမှရရှိလာသည့် ဥပဒေဆိုင်ရာ ဗဟုသုတများကို မိမိဝန်ကြီးဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကဏ္ဍများတွင် အကျိုးရှိရှိ အသုံးချသွားရန် လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများကို (၆) ကြိမ်တိတိဖွင့်လှစ်နိုင်ခဲ့ပြီး ယခုသင်တန်းမှာ (၇) ကြိမ်မြောက် သင်တန်းဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သူ စုစုပေါင်း ၈၈ ဦးတို့ တက်ရောက်ကြပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။