စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၂၃        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ ပို့ကုန်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မှုအစီအစဉ်များ၊ ကုန်သွယ်မှုပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင်မှုလုပ်ငန်းစဉ်းများ၊ သွင်းကုန်လုပ်ငန်းနှင့် ဆက်စပ်သည့်ကိစ္စရပ်များကို သိရှိလိုသဖြင့် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်ရက်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ သီလဝါစက်မှုဇုန်နှင့် ဆိပ်ကမ်းများ၊ Bonded Warehouse များကို လှည့်လည်ကြည့်ရှုခဲ့သဖြင့် မြေပြင်အခြေအနေများကို သိရှိခဲ့ရကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပြည်ပပို့ကုန်ကဏ္ဍတွင် ယခင်နှစ်များထက် ပိုမိုတိုးမြှင့်တင်ပို့ နိုင်ရေး၊ ပို့ကုန်ဝင်ငွေတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ မှလည်း ပို့ကုန်နှစ်ဆတိုးမြှင့်ရေးကို လမ်းညွှန်ထားသည့်အတွက် ကဏ္ဍအလိုက် ထုတ်ကုန်နှစ်ဆ တိုးတက်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်ပြီး  နိုင်ငံတော်အနေဖြင့် လိုအပ်သော မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို လုံလောက်မှုရှိစေရန် ပြည်ပမှ လစဉ် ဝယ်ယူဖြည့်တင်း ပေးလျက်ရှိကြောင်း၊ ပို့ကုန်အား တိုးမြှင့်တင်ပို့နိုင်ခြင်းနှင့်အတူ လိုအပ်သော သွင်းကုန်ကိုလည်း ဖြည့်ဆည်း ပေးလျက်ရှိသောကြောင့် ယခုကာလတွင် ညီနောင်အသင်းအဖွဲ့များအနေဖြင့် ကဏ္ဍ အလိုက် ပို့ကုန်တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရေထွက်ပို့ကုန် ပစ္စည်းကဏ္ဍတွင်လည်း GACC ခွင့်ပြုချက်ရရှိပြီးသည့် ရေထွက်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်ပ ပို့ကုန်ဈေးကွက်သစ်နိုင်ငံများ ရှာဖွေနိုင်ရေး၊ ရာဘာ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံစသည့် ပို့ကုန်များ ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ညီနောင်အသင်းအဖွဲ့များအနေဖြင့် အသင်းဝင် များကို စေ့ဆော်မှုပြုရန်လိုကြောင်း၊ CMP လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်သစ်များ ရှာဖွေတင်ပို့နိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက ယခုတွေ့ဆုံချိန်တွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေ လိုပါကြောင်း၊ လိုအပ်ချက်များ သိရှိမှသာ သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းမှ ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။   

          ထို့နောက် တက်ရောက်လာကြသော ညီနောင်အသင်းအဖွဲ့များ ကုန်သည်လုပ်ငန်းရှင်များ မှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက် နှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ မြန်မာနိုင်ငံကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ သင်္ဘောကုမ္ပဏီ (၁၀) ခု တာဝန်ရှိသူများအား လက်ခံတွေ့ဆုံပြီး ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း၊ မြန်မာနိုင်ငံကော့သောင်း ဆိပ်ကမ်းတို့မှ ကုန်ပစ္စည်းများသယ်ဆောင်ရာတွင် ကုန်တင်လွှာစနစ်စံပြုလုပ်ငန်းစဉ် (SOP) အရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းကြောင့် ဖြစ် ပေါ်လာနိုင်သည့် ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်သည့် အကျိုးဆက်များ၊ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။