တက္ကသိုလ်နှင့် သုတေသနဌာနများတွင် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (TISC)များတည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ ၃၁ 

    တက္ကသိုလ်နှင့် သုတေသနဌာနများတွင် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ(TISC)များ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကား‌‌ ပြောကြားသည်။
   အဆိုပါအစည်းအဝေးသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများမှ ကိုယ်စားလှယ်များ  စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ကြသည်။
    အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ အမျိုးသား အဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ (၂၀၂၃-၂၀၂၈) မှာ ပါဝင်သော မဟာဗျူဟာ (၆) ရပ်အနက် မဟာဗျူဟာ (၃) ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ(၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် “တက္ကသိုလ်နှင့် သုတေသနဌာနများတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (Technology and Innovation Support Centre -TISC)များ  တည်ထောင်နိုင်ရေး ဆောင်ရွက်ရန်” ဟု လမ်းညွှန်မှုပြုခဲ့ပါသဖြင့် ယခုညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်နှင့်အညီ နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (Technology and Innovation Support Centre -TISC) များ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ စိတ်ပါဝင်စားသော တက္ကသိုလ်၊ သုတေသနဌာနများ အမည်စာရင်းအား တောင်းခံခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ  စိတ်ပါဝင်စားသော တက္ကသိုလ်၊ သုတေသနဌာန (၃၅)ခု  ရှိပါကြောင်း၊ တက္ကသိုလ်နှင့်သုတေသနဌာနများတွင် TISC Center များ တည်ထောင်ခြင်းအားဖြင့် နည်းပညာဆိုင်ရာသတင်းအချက်အလက်များ ထိရောက်စွာသုံးစွဲနိုင်မည်ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ နည်းပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိစေနိုင်မည်ဖြစ်ပြီး တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်စေမည်ဖြစ်ခြင်း၊ နည်းပညာကဏ္ဍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (Technology and Innovation Support Centre -TISC) များ တည်ထောင်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 
   ဆက်လက်၍ မူဝါဒနှင့်စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)များတည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဦးစီးဌာနများ၊ တက္ကသိုလ်၊ သုတေသနဌာနများမှ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။