(၁၆) ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးများမှ ဌာနကြီးမှူးအစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်‌နေ့အထိ ကျင်းပပြုလုပ်သည့် “(၁၆)ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်များနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးများမှ ဌာနကြီးမှူးအစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
  အဆိုပါ အစည်းအဝေးကို အာဆီယံနိုင်ငံများနှင့်တရုတ်နိုင်ငံမူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်စေရန်၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်စေရန်နှင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူပိုင်ခွင့်ဆိုင်ရာအကောင်းဆုံးအလေ့အ ကျင့်များ၊ အတွေ့အကြုံများကို အပြန်အလှန်မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါသည်။
 အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံမူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းအစီအစဉ် ၂၀၂၄-၂၀၂၅ အား အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၅-၂၀၂၆  လုပ်ငန်းအစီအစဉ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ASEAN-IPR Action Plan 2026-2030 တို့အပေါ် ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ အား မူပိုင်ခွင့်ဖြင့်အကာအကွယ်ယူကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ မူပိုင်ခွင့်ဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းနှင့် ယဉ်ကျေးမှုနယ်ပယ်ကို အားပေးမြှင့်တင်ရန် ဆောင်ရွက်သည့်အခြေအနေ၊ လျှပ်စစ်စွမ်းအင်အားကို Green Technology ဖြစ်သော Solar Energy ဖြင့် ထုတ်လုပ်ဆောင်ရွက်နေပြီး နည်းပညာများအား မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူမှုအခြေအနေ၊ Xi’an City Wall အား ထိန်းသိမ်းဆောင်ရွက်ရာတွင် AI နည်းပညာအသုံးပြု၍ ဆောင်ရွက်မှု အခြေအနေတို့ကို လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။