အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် တီထွင်မှုမူပိုင်ခွင့် အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၇
   အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် တီထွင်မှုမူပိုင်ခွင့် အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်၁၀:၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အမှာစကားပြောကြားသည်။
   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်(UMFCCI) အောက်ရှိ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ကြသည်။ 
    ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားခြင်းများကို လက်ခံစစ်ဆေးလျက်ရှိပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် စတင်လက်ခံဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့်လျှောက်လွှာများကို လျှောက်လွှာလက်ခံဌာနများနှင့် အီလက်ထရောနစ်မှတ်ပုံတင် စနစ်ဖြင့်လက်ခံ၍ ပဏာမစစ်ဆေးခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများအရ အကာအကွယ်ပေးခြင်းဖြင့် တီထွင်ဖန်တီးမှုများကို ပိုမိုမြှင့်တင်ရန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်တွင် တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှု မူပိုင်ခွင့်ဆိုပြီး အမျိုးအစား (၂) မျိုးရှိပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်သည် ထုတ်ကုန် (Product) သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ် (Process) ဖန်တီးမှုမှန်သမျှကို  အကာအကွယ်ပေးသည့် မူပိုင်ခွင့် အမျိုးအစားဖြစ်ပါကြောင်း၊ အသေးစားတီထွင်မှုမူပိုင်ခွင့်သည် ထုတ်ကုန် (Product) တမျိုးတည်းကိုသာ  အကာအကွယ်ပေးသည့် မူပိုင်ခွင့်အမျိုးအစားဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အကာအကွယ်ရယူခြင်းဖြင့် နည်းပညာအသစ်များ၊ တီထွင်ဖန်တီးမှုအသစ်များ ဖန်တီးထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အကျိုးပြုသော လူမှုပတ်ဝန်းကျင်များဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စျေးကွက်ဝေစုရရှိနိုင်ရေး၊ ထုတ်ကုန်များကို စဉ်ဆက်မပြတ်ပေါ် ထွန်းလာနိုင်ရေးအတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မူပိုင်ခွင့်စနစ်အတွက်သာမက စီးပွားရေးတိုးတက်မှုအတွက်လည်း လွန်စွာအရေးပါလျက်ရှိကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီဝင်းလွင်က တီထွင်မှုမူပိုင်ခွင့်အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ  အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။