မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၇

          မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအ ကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၃၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင် ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့် ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

          အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ 

          ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ယနေ့အစည်းအဝေးသည် အစိုးရသစ်ကာလတွင်    မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို  ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွက် ပထမအကြိမ် ပြုလုပ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ အစိုးရသစ်ကာလအတွင်း နိုင်ငံတော် ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို နိုင်ငံတော် သမ္မတက မှာကြားလမ်းညွှန်ခဲ့ပြီးဖြစ်ရာ  အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့်  ကြိုးစားကြရမှာဖြစ်ကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊  ပြည်သူအများ အလုပ်အကိုင်ရရှိစေရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးများလာစေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်တို့အတွက် အထူးစီးပွားရေးဇုန်များကို အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်း ပြောကြားသည်။  

          ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ်က ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

          ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက အမှာစာများကို တင်ပြကြပြီး မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက အထူးစီးပွားရေးဇုန်များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သုံးသပ် တွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည်။ အစည်းအဝေးတက်ရောက်လာကြသည့် မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။ 

          ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။