နိုင်ငံတကာကုန်သွယ်မှုဗဟို (International Trade Centre - ITC) ၏ အရှေ့အာဖရိကအတွက် ဒေသဆိုင်ရာရုံးခွဲကို ကင်ညာ၌ ဖွင့်လှစ်ခဲ့
နိုင်ငံတကာကုန်သွယ်မှုဗဟို၏ ပထမဆုံးဒေသဆိုင်ရာရုံးခွဲကို ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ရှိ ကုလသမဂ္ဂရုံးပရဝဏ်အတွင်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ ၁၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါရုံးခွဲကို အရှေ့အာဖရိကဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကုန်စည်ပြပွဲတွင် ကင်ညာသမ္မတ William Samoei Ruto က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ITC အမှုဆောင်ညွှန်ကြားရေးမှူး Pamela Coke-Hamilton၊ နိုင်ရိုဘီမြို့ရှိ ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ် Zainab Bangura နှင့် ကုလသမဂ္ဂ၏ ကင်ညာဆိုင်ရာဌာနေကိုယ်စားလှယ် Stephen Jackson တို့က ရုံးခန်းနေရာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ယခုဒေသဆိုင်ရာရုံးခွဲဖွင့်လှစ်ခြင်းသည် အရှေ့အာဖရိကဒေသတွင်း ဝန်ကြီးအဆင့်ဆုံးဖြတ်ချက်ဖြစ်သော MSMEs ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်တည်ဆောက်ခြင်း ဖြစ်ပါသည်။ ဇူလိုင်လက Johannesburg တွင် ကျင်းပခဲ့သော Global SMEs Ministerial ဝန်ကြီးအဆင့်အစည်းအဝေးတွင် “လာမည့် ၂ နှစ်အတွင်း MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး သတင်းအချက်အလက် မျှဝေရန်နှင့် နိုင်ငံရေး ရပ်တည်ချက် ခိုင်မာစေရန်” ကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ITC၊ ကင်ညာသမဝါယမနှင့် MSMEs ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ပူးပေါင်း၍ စားပွဲဝိုင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍမှကိုယ်စားလှယ်များ၊ ဘရွန်ဒီ၊ ရဝမ်ဒါ၊ ဆိုမာလီယား၊ ယူဂန်ဒါ၊ ဘာဘေးဒိုး၊ ဘယ်လဂျီယမ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကျူးဘား၊ နော်ဝေး၊ ဗြိတန်တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ၏ ကင်ညာဆိုင်ရာဌာနေရုံးခွဲတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲရလဒ်များကို နိုဝင်ဘာလကုန်တွင် ကျင်းပမည့် အရှေ့အာဖရိကခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (EAC Heads of State Summit) သို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် MSMEs များ၏ နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းကို ပံ့ပိုးပေးရန်၊ ကုန်သွယ်မှုပြုပြင်ပြောင်းလဲရေးတွင် ၎င်းတို့၏ အရေးပါမှုကို အသိအမှတ်ပြုပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) နှင့်အညီ လူမှုဘဝများကို မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ITC တရားဝင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။
ရင်းမြစ်။https://www.intracen.org/
