အိန္ဒိယနှင့် အမေရိကန် နှစ်ဖက်စလုံးအတွက် လယ်ယာကုန်သွယ်မှုက အကျိုးရှိနိုင်
အမေရိကန်က အိန္ဒိယအပေါ် အကောက်ခွန်နှုန်း ၅၀ % သတ်မှတ်ပြီးနောက် ရပ်တန့်လျက်ရှိသော နှစ်ဖက်ကုန်သွယ်ရေး ဆွေးနွေးပွဲများအတွင်း ဝန်ကြီးချုပ်မိုဒီက အိန္ဒိယလယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တံငါသည်များ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် အပေးအယူကို ဘယ်တော့မှမလုပ်ဟုပြောကြားခဲ့မှုက အစိုးရ၏ရပ်တည်ချက်ကို အရှင်းလင်းဆုံး ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ လယ်ယာထွက်ကုန်များဖြစ်သော မျိုးရိုးဗီဇပြုပြင်ထားသည့် ပြောင်းနှင့် ပဲပုပ်၊ အီသနောနှင့် နို့ထွက်ပစ္စည်းများကို အိန္ဒိယစျေးကွက်သို့ ဝင်ရောက်နိုင်ရေးအပေါ် အငြင်းပွားမှုများရှိနေကြောင်း The Indian Express သတင်းစာတွင် ဖော်ပြထားပါသည်။
အိန္ဒိယကုန်စည်များအပေါ် ၅၀ % အကောက်ခွန်စည်းကြပ်မှုသည် အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် “ပြစ်ဒဏ်” အဖြစ် ၂၅ % အခွန်ပါဝင်သည့် အချက်သည် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် မိုဒီအစိုးရ၏ အပေးအယူဆောင်ရွက်နိုင်ခွင့်ကို ကျဉ်းမြောင်းသွားစေကြောင်း၊ ထို့ပြင် အရေးကြီးသောကဏ္ဍများ၌ အနည်းငယ် လိုက်လျောမှုများပင်လျှင် နိုင်ငံတော်အကျိုးစီးပွားကို စွန့်လွှတ်သည် ဆိုသည့် စွပ်စွဲချက်များ ဖြစ်ပေါ်စေနိုင်ကြောင်း၊ လယ်ယာကုန်သွယ်မှု ညှိနှိုင်းမှုများတွင် အိန္ဒိယနှင့် အကျိုးရှိရှိ ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများကို ထရမ့်က ခက်ခဲထားကြောင်း၊ သို့သော် နှစ်နိုင်ငံကြား လယ်ယာကုန်သွယ်မှုပမာဏသည် သိသိသာသာ တိုးတက်လာနေကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုသည် စံချိန်တင်မြင့်တက်လာဖွယ်ရှိကြောင်း၊ အိန္ဒိယက ကယ်လီဖိုးနီးယား ဗာဒံစေ့နှင့် ပိစတာရှိုစေ့များ တိုးမြှင့်ဝယ်ယူခြင်းနှင့် အမေရိကန်က အန်ဒြာပရာဒက်ရှ်နှင့် အိုဒီရှာတို့မှ ရေခဲရိုက်ပုဇွန်ထုပ်များ တိုးမြင့်ဝယ်ယူခြင်းတို့သည် နှစ်နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍတွင် နှိုင်းယှဉ်အကျိုးကျေးဇူးများရရှိနိုင်သည်ကို ဖော်ပြနေကြောင်း The Indian Express သတင်းစာက တင်ပြထားပါသည်။
လက်ရှိအခြေအနေတွင် ရပ်တန့်နေသော ကုန်သွယ်ရေးဆွေးနွေးပွဲများကို ပြန်လည်ရှင်သန်စေခြင်းသည် စိန်ခေါ်မှုရှိကြောင်းနှင့် လယ်ယာကုန်သွယ်မှုကို မြှင့်တင်ရန်မှာ နိုင်ငံရေးအရ ပို၍ခက်ခဲကြောင်း၊ ပြီးခဲ့သည့်နှစ်က အိန္ဒိယသို့ ဒေါ်လာ ၁.၁ ဘီလီယံကျော်တန် အစေ့အဆံများကို အမေရိကန်က ပဋိပက္ခမဖြစ်စေဘဲ တင်ပို့ခဲ့မှုကို သမ္မတထံ အကြံပြုနိုင်သလို အိန္ဒိယအနေဖြင့် ပင်လယ်စာထွက်ကုန်များ၊ ဘာစမာတီဆန်၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားအမွှေးဆီများအား အမေရိကန်သို့ တင်ပို့မှုတိုးချဲ့နိုင်ပြီး ကြက်မွေးမြူရေးနှင့် နွားစာအတွက် အမေရိကန်မှ ပြောင်းဖူးနှင့် ပဲပုပ်တို့ကို တင်သွင်းနိုင် ကြောင်း၊ The Indian Express သတင်းစာက ရေးသားထားပါသည်။
ရင်းမြစ်။ https://indianexpress.com