စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mrs. Aya Saad Mohamed Abdelkarim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

      တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင် အဓိကပို့ကုန်များအား အီဂျစ်နိုင်ငံ၌ ဈေးကွက်ပိုမိုရရှိနိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများ ကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် အပြန်အလှန် ဖိတ်ကြားသွားနိုင်ရေး၊ အီဂျစ်နိုင်ငံမှ ဆေးဝါးနှင့်ဆေးရုံသုံးစက်ကိရိယာများ၊ ရေနံထွက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား   ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် နှစ်နိုင်ငံပုဂ္ဂလိကအသင်းအဖွဲ့များအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

     အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။