ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထ
ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
ကော်မတီ နာယကက ဒီဂျစ်တယ်စီးပွားရေးသည် ယနေ့ခေတ်၏ ဦးတည်ရာဖြစ်ပြီး၊ စီးပွားရေး အပေါ်တွင်သာမက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ဖန်တီးမှုနှင့် စီမံခန့်ခွဲမှုတို့အပေါ် ပါ တိုက်ရိုက် အကျိုးသက်ရောက်မှုရှိလာပြီဖြစ်ကြောင်း၊ နည်းပညာကမ္ဘာကြီးသည် အလွန်မြန်မြန် ဆန်ဆန် ပြောင်းလဲနေပြီး၊ နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုတန်ဖိုးကို အဓိက သက်ရောက်လာသော အချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း မျှတသည့် ဖွံ့ဖြိုးမှု၊ ထိရောက်သည့် အုပ်ချုပ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရယူနိုင်ရေးအတွက် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍသည် အရေးအပါဆုံးသော အထောက်အကူပြု အင်္ဂါရပ်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း၊
ဒီဂျစ်တယ်စီးပွားရေး (Digital Economy) သည် ယခုအခါတွင် ကမ္ဘာ့ GDP ၏ အနည်းဆုံး ၁၅% ကို ပံ့ပိုးပေးနေပြီဖြစ်ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် ၂၅% ကျော်အထိ တိုးတက်လာနိုင်သည်ဟု World Economic Forum မှ ခန့်မှန်းထားကြောင်း၊ “Digital Leapfrogging” (ဒီဂျစ်တယ်နည်းလမ်းဖြင့် တိုးတက်မှုကို လျင်မြန်စွာ ကျော်ဖြတ်နိုင်ခြင်း) သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုးတက်နိုင်စေသည့် အဓိကအချက်တစ်ခုဖြစ်သည် ဆိုသည့်အချက်မှာ မငြင်းသာပါကြောင်း၊
မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee – DEDC) ကို ဖွဲ့စည်းထားပြီး၊ DEDC ကော်မတီအနေဖြင့် “မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀” ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းပြမြေပုံသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်သွားကြရမည့် ကိစ္စရပ်များအတွက် မဟာဗျူဟာမျှော်မှန်းချက် ၁ ရပ်၊ မဟာဗျူဟာရည်မှန်းချက် ၁ ရပ်၊ အဓိကရည်ရွယ်ချက် ၆ ရပ်၊ ဦးစားပေးကဏ္ဍကြီး ၉ ခု၊ မဟာဗျူဟာ မဏ္ဍိုင် ၉ ခု၊ မဟာဗျူဟာပန်းတိုင် ၂၂ ခု၊ လုပ်ငန်းစဉ် ၇၇ ခု စသည်တို့အား ၂၀၃၀ ပြည့်နှစ်ထိ ရည်မှန်း၍ ဖွဲ့စည်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊
လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ် ၇၇ ရပ်အနက် DEDC ၏ သက်ဆိုင်ရာလုပ်ငန်းကော်မတီ (Working Committees) အသီးသီးအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များကို သက်ဆိုင် ရာ ကာလတို၊ ကာလလတ်၊ ကာလရှည် အချိန်ဇယားများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြမည်ဟု ယုံကြည်ပါကြောင်း၊
DEDC အဖွဲ့ဝင်များအားလုံးအနေဖြင့် ကျရာကဏ္ဍစုံမှ တက်ညီလက်ညီဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းသည် မိမိကော်မတီ၏ လုပ်ငန်းပြီးမြောက်ခြင်း အကျိုးအတွက်သာမက အမိမြန်မာနိုင်ငံတော်အတွက် ဒီဂျစ်တယ်စီးပွားရေး အနာဂတ်တစ်ခုကို ဖန်တီးနိုင်စေရန် အရေးပါဆုံး သော အချက်ဖြစ်ကြောင်း၊
သို့ပါ၍ ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းစွာ တင်ပြပေးကြရန်နှင့် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်သိစိတ်ဖြင့် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေး အနာဂတ်ကို ပိုမို ကောင်းမွန်အောင် ပုံဖော်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက Living Document အဖြစ် အတည်ပြု ထုတ်ပြန်ထားပြီးဖြစ်သည့် မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအနေဖြင့် သတ်မှတ်ကာလများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းကော်မတီများအလိုက် လက်ရှိဆောင်ရွက် နေမှုအခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပေါင်းစပ်/ညှိနှိုင်းပေးစေလို သည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက်ရှိ လုပ်ငန်း ကော်မတီ ၅ ခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ ကြပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြရာ DEDC ကော်မတီ နာယကက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။