အထက်မင်းလှမြို့နယ်၌ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာတွင် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာ၍ ပြည်ပဝယ်လိုအားကောင်းသော ပဲစင်းငုံကို ဧက ၂၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ပဲစင်းငုံသီးနှံကို မေလတွင် စတင်စိုက်ပျိုးပြီး ၆ လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ပဲစင်းငုံ ကို သီးထပ်သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ပဲစင်းငုံအနီမျိုးများကို ထွန် ကြောင်းဆွဲအစေ့ချစနစ်ဖြင့် သီးညှပ်စိုက်ပျိုးထားရှိကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၀ တင်းခန့် ထွက် ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပဲပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲစင်းငုံ စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)