ပခုက္ကူမြို့နယ်၌ ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရန်လွယ်ကူသော ရုံးပတီသီးကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာ ကြကြောင်း သိရသည်။

ရုံးပတီသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်လတ်ရုံးပတီမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ တစ်ဧက လျှင် မျိုးစေ့ ၁၀ kg ပါ ၁ ထုပ် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တန်းခြား ၂ ပေ၊ ပင်ခြား ၁ ပေခွဲ ထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၄ သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးကို ၃ ရက်ခြားတစ်ကြိမ်ခန့် ဆွတ်ခူးရပြီး တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၀၀၀-၁၂၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် စိုက်ခင်းသို့ လာရောက်ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် ပခုက္ကူ မြို့သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ရုံးပတီသီးသည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိ သောကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။ 

DOCA (မကွေး)