ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာညီလာခံသို့ တက်ရောက်ခြင်း

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၁-၄-၂၀၂၅ ရက်နေ့မှ ၂၅-၄-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “ယှဉ်ပြိုင်မှုအဖွဲ့အစည်းဘုတ်အဖွဲ့၏ တိုးချဲ့အစည်းအဝေး နိုင်ငံတကာညီလာခံ (International Conference – Extended Meetinf of the Board of the FAS Russia)” သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါညီလာခံတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်း ဘုတ်အဖွဲ့၏ တိုးချဲ့အစည်းအဝေး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုအာဏာပိုင်အကြီးအကဲ အစည်းအဝေး၊ ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာကောင်စီ၏ (၅၈)ကြိမ်မြောက် အစည်းအဝေး၊ လွတ်လပ်သောနိုင်ငံများ ဓနသဟာရအဖွဲ့ (Commonwealth of Independent States-CIS) ၏ ယှဉ်ပြိုင်မှုဥပဒေ ချိုးဖောက်မှဒများအပေါ် ပူးတွဲစုံစမ်းစစ်ဆေးမှုများဆိုင်ရာရုံးချုပ်များ၏ အစည်းအဝေး၊ ဒစ်ဂျစ်တယ် ဈေးကွက်များအတွင်း ယှဉ်ပြိုင်မှုဆိုင်ရာပြဿနာရပ်များကို သုတေသနပြုမည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက (Brazil, Russia, India, China, South Africa-BRICS) လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ယဉ်ကျေးမှုအစီအစဉ် အစရှိသည့်အစီအစဉ်များ ပါဝင်ပါ သည်။

ညီလာခံသို့ ရုရှားဖက်ဒရေးရှင်းအစိုးရ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်များ၊ ပြည်ပနိုင်ငံများ၏ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံတကာနှင့် အစိုးရအဖွဲ့အစည်းများ၊ သိပ္ပံနှင့်စီးပွားရေးအသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။