အိန္ဒိယနိုင်ငံသည် စားသုံးဆီတင်သွင်းမှု ၄ နှစ်အတွင်း လျော့ကျခဲ့
ဖေဖေါ်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုသည် ပဲပိစပ်ဆီနှင့်နေကြာဆီ လျော့နည်းတင်သွင်းမှုကြောင့် ၄ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး ဆီအုန်းကို ဇန်နဝါရီလကထက် တန်ချိန် ၃၇၄,၀၀၀၊ ရာနှုန်းအားဖြင့် ၃၆ % ပိုမိုတင်သွင်းခဲ့ကာ ၁၄ နှစ်အတွင်း တင်သွင်းမှုအနည်းငယ် တိုးတက်ခဲ့ကြောင်း ကုန်သည်များ၏ ပြောကြားချက်ကို ကိုးကားလျက် The Economic Times သတင်းဌာနက ဖော်ပြထားသည်။
ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ အများဆုံးဝယ်ယူသော အိန္ဒိယသည် ဖေဖော်ဝါရီလက ပုံမှန်တင်သွင်းမှုထက် လျော့နည်းတင်သွင်းခဲ့ရာ ဆီလက်ကျန် နည်းသွားသဖြင့် လာမည့်လများတွင် စားသုံးဆီ တိုးမြှင့်ဝယ်ယူနိုင်ပြီး မလေးရှားစားအုန်းဆီနှင့် အမေရိကန်ပဲပိစပ်ဆီများ ဈေးနှုန်းကြီးမြင့်လာနိုင်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယ Solvent Extractors’ Association ၏ အဆိုအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း (အောက်တိုဘာလအထိ) အိန္ဒိယသည် လစဉ် စားအုန်းဆီ ပျမ်းမျှတန်ချိန် ၇၅၀,၀၀၀ ကျော် တင်သွင်းခဲ့ကြောင်း၊ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ပဲပိစပ်ဆီ မက်ထရစ်တန်ချိန် ၂၈၄,၀၀၀ တင်သွင်းခဲ့ပြီး ယင်းမှာ ဇန်နဝါရီလကထက် ၃၆% လျော့နည်းကာ ၈ လတာကာလအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ၏ နေကြာဆီတင်သွင်းမှုမှာ ပြီးခဲ့သည့်လကထက် ၂၂% လျော့ကျပြီး မက်ထရစ် တန်ချိန် ၂၂၆,၀၀၀ ရှိကာ ၅ လတာ ကာလအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ယင်းသို့ ပဲပိစပ်ဆီနှင့် နေကြာဆီတင်သွင်းမှု လျော့ကျခဲ့မှုကြောင့် နိုင်ငံ၏ စားသုံးဆီတင်သွင်းမှုသည် ဖေဖေါ်ဝါရီလတွင် တန်ချိန် ၈၈၄,၀၀၀ ဖြင့် ၁၂ % ကျဆင်းခဲ့ကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပဆီဈေးနှုန်းကြီးမြင့်မှုနှင့် ပြည်တွင်းစားသုံးဆီရောင်းချမှု ပိုမိုမြင့်မားလာခြင်းက ပြည်တွင်းရှိ ဆီပြန်လည်သန့်စင်ရောင်းချသူများအား ဖေဖေါ်ဝါရီလတွင်း ဆီတင်သွင်းမှု လျှော့ချစေခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ခဲ့ကြသည်။
ဖေဖေါ်ဝါရီလတွင်း အိန္ဒိယ၏ စားသုံးဆီ လျှော့ချတင်သွင်းမှုကြောင့် စားသုံးဆီလက်ကျန် တန်ချိန် ၁.၆ သန်းဖြင့် ဇန်နဝါရီလကထက် ၂၆ % လျော့ကျခဲ့ရာ ၄ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း၊ ယခင်နှင့်မတူဘဲ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတို့တွင် ဆီလျော့ကျတင်သွင်းမှုကြောင့် မတ်လနောက်ပိုင်း တင်သွင်းမှုများ မြင့်တက်လာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားပါသည်။
အိန္ဒိယသည် စားအုန်းဆီကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူပြီး ပဲပိစပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ဝယ်ယူကြောင်း သိရပါသည်။
ရင်းမြစ်။ https://economictimes