မအူပင်မြို့နယ်၌ ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရလွယ်ကူသော ရုံးပတီသီးနှံကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရ သည်။
ရုံးပတီသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရ ကြောင်း၊ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများရှိပြီး ပင်လတ်ရုံးပတီမျိုးများကို အများဆုံး စိုက်ပျိုးလျက် ရှိရာ တစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တန်းခြား ၃ ပေ၊ ပင်ခြား ၁ ပေ - ၁ ပေခွဲ ထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို ၃ ရက်ခြားတစ်ကြိမ်နှုန်း ဖြင့် သက်တမ်း ၂ လခန့်အထိ ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှတစ်ဆင့် ဒေသတွင်းရောင်းချမှုအပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ ကြကြောင်း၊ ရုံးပတီသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့်အတွက် တောင်သူများ အနေဖြင့် အကျိုးအမြတ်များရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (ဧရာဝတီ)