၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၁၀           

      ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်- ၃ ၌ ကျင်းပသည်။  အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ် အောင်ကျော်ကျော်၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးများ  ဖြစ်ကြသည့် ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

       ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day)အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်နှင့် အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် ရည်ရွယ်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ်ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းက သတ်မှတ်ပေးသော ဆောင်ပုဒ်မှာ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” (A Just Transition to Sustainable Lifestyles) ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသော ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ပါက လူနေမှုဘဝမှာ မျှတစွာအသွင်ကူးပြောင်းနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်က MSMEs ကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)ကို အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ စိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ လူနေမှုဘဝရေရှည်တည်တံ့စေရန် စားသုံးသူများအတွက် ပိုမိုကောင်းမွန်သည့် အကာအကွယ်၊ ကျန်းမာသော ရွေးချယ်မှု၊ ကောင်းမွန်သော ပတ်ဝန်းကျင်ရရှိစေရန် ဝန်ထမ်းများက သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားပါသည်။

     ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး အသိပညာပေး Video Clip ပြသခြင်း၊ ဂုဏ်ပြုသီချင်းတေးသရုပ်ဖော်နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း သရုပ်ဖော်တို့ကို တင်ဆက်ကပြကြပြီး  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်းပါး ပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။