မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၇
မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(မကွေး၊ မိုးညှင်း၊ ဝါးခယ်မ)၊ အစိုးရနည်းပညာအထက်တန်းကျောင်းများ (မိတ္ထီလာ၊ မကွေး၊ ပူတာအို၊ တောင်ငူ၊ ပြည်၊ ကျောက်ဆည်၊ မော်လမြိုင်၊ တောင်ကြီး၊ မအူပင်၊ မုံရွာ၊ ကလေး၊ မန္တလေး၊ ဘားအံ၊ ကော့သောင်း၊ ဟင်္သာတ၊ ပင်းပတ်၊ ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ လဟယ်၊ မြစ်ကြီးနား၊ ပင်လုံ၊ ပုသိမ်၊ လက်ခုပ်ကုန်း၊ နေပြည်တော်)မှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး များနှင့် တာဝန်ရှိသူကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ကြား၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ဟောပြောပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ခိုင်မာစွာပေါ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သည့် တက္ကသိုလ်၊ ကောလိပ်များ၊ သုတေသနဌာနများသို့လည်း မူပိုင်ခွင့်အသိပညာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုများကို မြင့်မားတိုးတက် စေမည်ဖြစ်ပြီး တီထွင်ဖန်တီးမှုများ များပြားလာခြင်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါ သဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်ပိုင်ရှင်များ၏ စာပေနှင့်အနုပညာလက်ရာများ၊ ပြင်ပအသွင်အပြင်ဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများဖြင့် အကာအကွယ်ရယူနိုင်ပြီဖြစ်ပါကြောင်း၊ ဟောပြောပွဲသို့တက်ရောက်လျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် ဖန်တီးတီထွင်မှုများကို မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ပြီဖြစ်ပါကြောင်း၊ မူပိုင်ခွင့်များကို ကိုယ်တိုင်ဆောင်ရွက်နေသည့် အရာများ၊ အသုံးအဆောင်များတွင် မူပိုင်ခွင့်များနှင့်ပတ်သက်ဆောင်ရွက်နေရသည့်အတွက် မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် သိကောင်းစရာများကို အခြေခံအားဖြင့် သိရှိထားစေချင်ပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် တီထွင်ဖန်တီးသူနှင့် အသုံးပြုသူတို့အကြား မျှတသောအကျိုးခွဲဝေခံစားနိုင်သည့်စနစ်တစ်ရပ် ဖြစ်ပြီး မူပိုင်ခွင့်အကာအကွယ်ရယူထားခြင်းဖြင့် မူပိုင်ခွင့်ပိုင်ရှင်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံရမည်ဖြစ်ပြီး မူပိုင်ခွင့်ဥပဒေအရ ခွင့်ပြုထားသောအခွင့်အရေးများကို သတ်မှတ်ကာလအတွင်း ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ မိမိ၏မူပိုင်ခွင့်ကို စီးပွားရေးအလို့ငှာ အသုံးပြုလိုသူများအနေဖြင့် သင့်လျော်သော အခကြေးငွေရရှိရန် ညှိနှိုင်းတောင်းခံနိုင်သည့်အပြင် ခွင့်ပြုချက်မယူဘဲ စီးပွားရေးအလို့ငှာ အသုံးပြုခြင်းကြောင့် နစ်နာမှုများအတွက် နစ်နာကြေးများကိုလည်း ဥပဒေအရ တောင်းဆိုနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် နိုင်ငံ၏စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့်လူထုဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာကြသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အစိုးရ နည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ( ၂၀၀၀ ) ဦးခန့် တက်ရောက်ကြသည်။
