တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

 နေပြည်တော်၊ ဒီဇင်ဘာလ ၁၅
    တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုဇုန်များမှ တာဝန်ရှိသူကိုယ်စားလှယ်များအား ဖိတ်ကြား၍ ၁၅-၁၂-၂၀၂၅ ရက်နေ့၊ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
    ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ တီထွင်မှုမူပိုင်ခွင့်သည် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်သည် ထုတ်ကုန် (Product) သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ် (Process) ဖန်တီးမှုမှန်သမျှကို အကာအကွယ်ပေးသည့် မူပိုင်ခွင့်တစ်မျိုးဖြစ်ပြီး တီထွင်မှုမူပိုင်ခွင့်ကို အကာအကွယ်ယူနိုင်ရန်အတွက် တီထွင်မှုမူပိုင်ခွင့်လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့မှစ၍ လက်ခံဆောင်ရွက်နေပြီး တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများကို လျှောက်လွှာလက်ခံဌာနများမှလည်းကောင်း၊ အီလက်ထရောနစ်စနစ် ဖြင့်လည်းကောင်း လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်ကို ကျင့်သုံးခြင်းဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ပိုမိုခိုင်မာစေပြီး ရေရှည်တည်တံ့နိုင်စေရန်အတွက် တီထွင်မှု မူပိုင်ခွင့်ဥပဒေဆိုင်ရာဗဟုသုတများကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် အသစ်သစ်သော၊ အဆင့် မြှင့်တင်ဖန်တီး ထုတ်လုပ်ထားသော ထုတ်ကုန်များ ပေါ်ပေါက်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းများတွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်များ နည်းတူ မိမိတို့နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များလည်း တီထွင်မှုမူပိုင်ခွင့်ဥပဒေဆိုင်ရာ အချက်အလက်များအား သိရှိခြင်းဖြင့် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် နှင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်စေရန် အတွက် ဦးစီးဌာနအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
   ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ တီထွင်မှု မူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီဝင်းလွင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ စုစုပေါင်း( ၁၀၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။