(၂၄) ကြိမ်မြောက် တီထွင်မှုမူပိုင်ခွင့် လုပ်ငန်းအဖွဲ့နှင့် (၁၆) ကြိမ်မြောက် လက်တွေ့ကျင့်သုံးရေးဆိုင်ရာအဖွဲ့အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ ဩဂုတ်လ ၂၁
   စင်ကာပူနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ  ကျင်းပပြုလုပ်သည့် “(၂၄) ကြိမ်မြောက် တီထွင်မှုမူပိုင်ခွင့် လုပ်ငန်းအဖွဲ့ နှင့် (၁၆)ကြိမ်မြောက် လက်တွေ့ကျင့် သုံးရေးဆိုင်ရာအဖွဲ့အစည်းအဝေး”သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက် ရောက်လျက်ရှိပါသည်။
  အဆိုပါအစည်းအဝေးကို အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅) အရ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) တွင် ထည့်သွင်း၍ အကောင်အထည် ဖော်ဆောင်ရွက်မည့် တီထွင်မှုမူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ လက်ရှိမူပိုင်ခွင့် စနစ်နှင့်ပတ်သက်သော အရေးကြီးသည့် ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆက်နွယ်သော တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စစ်ဆေးမှုများအပေါ် အတွေ့အကြုံများ၊   နည်းပညာသစ်များ၏ တီထွင်မှုမူပိုင်ခွင့်အပေါ် သက်ရောက်မှုများကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
    တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လျှောက်ထားခြင်းနှင့် စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ စစ်ဆေးရေးအရာရှိများ၏ အရည်အသွေးပြည့်မီစေရေးနှင့် ကျွမ်းကျင်မှုရှိစေရေးစသည့် လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။