"ဂီတမူပိုင်ခွင့်လိုအပ်ချက်များနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းခြင်းများအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ"
နေပြည်တော်၊ ဇွန် ၁၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဂီတမူပိုင်ခွင့် လိုအပ်ချက်များ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဂီတလောကသားများ၏ သဘောထားနှင့် ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တင်ပြခဲ့ခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်းကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစာပေနှင့်အနုပညာ ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှ Virtual ဖြင့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေများနှင့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင်လည်းကောင်း၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းလျှောက်လွှာပုံစံ အမိန့်ကြော်ငြာစာ၊ အခကြေးငွေသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာများကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများက သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့် ကဏ္ဍအလိုက် မူလလက်ရာရှင်များ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ၏ သဘောတူညီမှုအပေါ်အခြေခံ၍ ၎င်းတို့ထံအပ်နှံသည့် စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်များကို အသုံးပြုသူများထံမှ အခကြေးငွေကောက်ခံပြီး လက်ရာရှင်များထံ ပြန်လည်ခွဲဝေပေးခြင်းတို့ကို အမြတ်အစွန်းအတွက် မရည်ရွယ်သော ဝန်ဆောင်မှုဖြင့် စီမံဆောင်ရွက်ပေးနိုင်စေရန်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများရေးဆွဲရာတွင် (မူကြမ်း) များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသို့ သဘောထားမှတ်ချက်များ တောင်းခံခဲ့ပါကြောင်း၊ သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များကို ပြင်ဆင် ရေးဆွဲပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စာပေနှင့်အနုပညာနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးကို ဖိတ်ကြား၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပဆွေးနွေးညှိနှိုင်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနမှ အတည်ပြုချက်ရယူကာ ပြဋ္ဌာန်းရခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများကို ရေးဆွဲရာတွင် နိုင်ငံတကာမှ သတ်မှတ်ထားသည့်စံနှုန်း များနှင့်အညီ ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၏ အခွင့်အရေးများ ဆုံးရှုံးရခြင်းမရှိစေရန် အခွင့်အရေးများအား စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင်အပြည့်အဝ ပေးအပ်ထားခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက ဂီတမူပိုင်ခွင့်လိုအပ်ချက်များနှင့် CMO ဖွဲ့စည်းခြင်းများ အတွက် ဂီတလောကသားများ၏ သဘောထားနှင့် ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပေးပါရန် တင်ပြခဲ့သည့်အချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။