စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ
နေပြည်တော်၊ မေ ၂၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလက်မှုထုတ်ကုန် ပစ္စည်းများထုတ်လုပ်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ဥပဒေနှင့် နည်းဥပဒေပါ သတ်မှတ်ချက်များ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ရယူလိုပါက မှတ်ပုံတင်လျှောက်ထားနိုင်မယ့် နည်းလမ်းများ၊ လျှောက်လွှာပါ ဖြည့်စွက်ရမည့် အချက်အလက်များ၊ ကန့်သတ်ချက်များ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ရယူခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကို အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ်ကို ဖော်ဆောင်ရာတွင် မူပိုင်ခွင့်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးရုံနှင့်မပြီးဘဲ အဆိုပါ ဒီဥပဒေ၊ နည်းဥပဒေများကို အများပြည်သူသိရှိနားလည်ပြီး လိုက်နာကျင့်သုံးရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်များကို ဒီဇိုင်းပိုမိုဆန်းသစ်အောင်ဖန်တီးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်လျှင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်သည့်အပြင် စီးပွားရေး စျေးကွက်ကိုလည်း ချဲ့ထွင်မည်ဖြစ်ပါကြောင်း၊ ဆန်းသစ်တီထွင်ရာတွင် ထုတ်ကုန်၏ ဒီဇိုင်းသည် အရေးပါသည့်အတွက် မူပိုင်ခွင့်နှင့်အကာအကွယ်ယူထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဖန်တီးထားသော ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူထားပါက မိမိတို့၏ ဒီဇိုင်းမူပိုင်ခွင့်ကို ထိပါးချိုးဖောက်သူများအား ဥပဒေအရ ထိထိရောက်ရောက်အရေးယူ နိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းများကို အကာအကွယ်ပေးခြင်းအားဖြင့် နိုင်ငံအတွင်းတွင်ရှိသည့် ဒီဇိုင်းဖန်တီးသူများနှင့် ဒီဇိုင်းပိုင်ရှင်များကို စီးပွားရေးဆိုင်ရာအကျိုးအမြတ် ရရှိစေရုံသာမက နိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာဝင်းက နိုင်ငံတကာရှိ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ Case Study များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ် တာဝန်ခံညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။