အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်နှင့်စပ်လျဉ်းသည့် (၁၄) ကြိမ်မြောက် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရော
နေပြည်တော်၊ ဇူလိုင် ၁၅
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်နှင့်စပ်လျဉ်းသည့် (၁၄) ကြိမ်မြောက် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်တွင် မူပိုင်ခွင့် ကဏ္ဍနှင့်စပ်လျဉ်း၍ ကနေဒါနိုင်ငံမှ အဆိုပြု ဖော်ပြချက်လုပ်ငန်းစဉ်များအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မိမိတို့နိုင်ငံများမှ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် လိုက်လျောညီထွေဖြစ်မှုရှိစေရန် တင်ပြဆွေးနွေးခြင်း၊ အာဆီယံဒေသတွင်း မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေ များကို တင်ပြဆွေးနွေးခြင်း၊ ယခင်အစည်းအဝေးများမှ ဆွေးနွေးခဲ့သည့်အချက်များအား အတည်ပြုခြင်းနှင့် အဆိုပါသဘောတူစာချုပ်(မူကြမ်း)ပါ ဆက်လက်ဆွေးနွေးရန် လျာထားသည့်လုပ်ငန်းစဉ်များတို့အပေါ်တွင် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ မူပိုင်ခွင့်ရုံးမှ တွဲဖက်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ မူပိုင်ခွင့်ရုံးများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။