ဒီဇင်ဘာလတတိယပတ်တွင် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော် တင်ပို့နိုင်ခဲ့

Sun, 12/31/2023 - 04:39 -- mocadmin

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်း ကျော်ရှိသည်။ နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားအတက်ဘက်သို့ ဦးတည်လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံနှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရာဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုဇွန်နှင့် အခြားရေထွက်များ ပိုမိုတင်ပို့နိုင်သကဲ့သို့  စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များ လည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

   ယခုအပတ်တွင် ပဲမျိုးစုံ တန်ချိန် ၂၄၇၇၉ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရရှိခဲ့သည်။ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန် နိုင်ငံများသို့ ယခင်ရက်သတ္တပတ်များထက် ပင်လယ်ရေကြောင်းမှတင်ပို့မှု ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရသည်။

   နှမ်းမျိုးစုံမှာ နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားမြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံသို့ ယခင်အပတ်ထက် နှမ်းမျိုးစုံပိုမိုတင်ပို့ခဲ့သည့်အပြင် ဂျပန်၊ ထိုင်း၊ စင်္ကာပူ၊ ထိုင်ဝမ်နိုင်ငံတို့မှလည်း  ဝယ်လိုအားများပြားခဲ့သည်။ နှမ်းနက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၁၃၈၀ မှ ၁၈၁၅ အထိ ပို့ကုန်စျေးနှုန်းရရှိခဲ့ပြီး ပြည်တွင်းနှမ်းဈေးကွက်တွင်လည်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိကုန်စည်ဒိုင် စျေးကွက်များ၌ နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၂၉၅၀၀၀ ကျပ်  မှ ၃၄၀၀၀၀ ကျပ် ပေါက်စျေးဖြင့် လတ်တလောတွင် ဈေးအတက်ဘက်သို့ ဦးတည်လျက်ရှိသဖြင့် စိုက်ပျိုးသူတောင်သူ များ၊ ကုန်သည်လုပ်ငန်းရှင်များအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။

   မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အထည်ချုပ်ကဏ္ဍသည် အဓိကကျသော ကဏ္ဍမှပါဝင်သည်။ အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှု၌ CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက် သည့်လုပ်ငန်းမှာ အများဆုံးဖြစ်ပြီး လုပ်သားအင်အားအခြေပြုသည့် Labour Intensive Industry အကောင်းဆုံး အထည်ချုပ်လုပ်ငန်းဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈2 သန်းကျော် ရရှိခဲ့ပြီး နိုင်ငံပေါင်း 53 နိုင်ငံသို့ တင်ပို့ခဲ့သည်။ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့မှ အများဆုံးမှာယူတင်သွင်းခဲ့ကြောင်း သိရှိရသည်။

   ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးဆောင်ရွက်ရာတွင် CMP ကဏ္ဍတိုးတက်ရေးကိုလည်း နိုင်ငံတော် မှဦးစားပေးဆောင်ရွက်လျက်ရှိသည်။ CMP အထည်ချုပ်လုပ်ငန်းအပြင် လျှပ်စစ်နှင့် အီလက်ထရော နစ်ပစ္စည်းများ၊ ဖိနပ်၊ အိတ်မျိုးစုံ၊ ဆံပင်အတု၊ မှန်ဘီလူးနှင့် ကင်မရာစသည့်စက်မှုလုပ်ငန်းများကို လည်း CMP စနစ်ဖြင့်လုပ်ကိုင်နေခြင်းဖြစ်သည်။

   စက်ရုံအလုပ်ရုံများမှ ကုန်ကြမ်းပစ္စည်းလက်ခံပြီး ကုန်ချောထုတ်လုပ်ပေးသည့် CMP လက်ခစားစနစ်မှ တစ်ဆင့် ကိုယ်တိုင်ထုတ်လုပ်တင်ပို့နိုင်သည့်စနစ်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းဆောင် ရွက်လျက်ရှိပါသည်။ သို့မှသာ ပြည်တွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းကာ နိုင်ငံ့စီးပွားရေးကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

   နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်ပ ကုန်သွယ်မှု၌ လယ်ယာကဏ္ဍ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရာဘာ၊ သစ်သီးဝလံ စသည်တို့ အထွက်နှုန်းတိုးအောင် ကြိုးပမ်းဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်ရေး၊ CMP အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရေး၊ CMP လုပ်ငန်းများ တိုးတက်များပြားလာမှု နှင့်အတူဘက်ပေါင်းစုံမှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝန်ကြီးဌာန၊ ဆက်စပ်ဌာနများ၊ အသင်း အဖွဲ့များမှ ထိရောက်သောပေါင်းစပ်ညှိနှိုင်းမှုများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ယခုရက်သတ္တပတ်ပို့ကုန်တင်ပို့နိုင်မှု အခြေအနေအား ဖော်ပြတိုက်တွန်းအပ်ပါသည်။

နောက်ဆုံးရသတင်းများ

Pages