အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့တင်ပို့သောပို့ကုန်များအတွက်မြန်မာ့ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း တင်ပို့သူကိုယ်တိုင်ကြေညာနိုင်ပြီ

Thu, 10/01/2020 - 09:04 -- ictuser

အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသအရ အဖွဲ့ဝင်နိုင်ငံများအကြားတင်ပို့မှုတွေအတွက် ယခင်လျှောက်ထားနေကျ Certificate of Origin (CO) Form D နည်းလမ်းအပြင် ၂၀-၉-၂၀၂၀ ရက်နေ့ကစပြီး ပို့ကုန်တင်ပို့သူကမိမိဘာသာတာဝန်ယူပြီး အကောက်ခွန် သက်သာခွင့်အတွက် တောင်းဆိုဖို့ အရောင်းအဝယ်ဆိုင်ရာစာရွက်စာတမ်းတစ်ခုခုပေါ်မှာ ပင်ရင်းထုတ်ကုန်(Originating Good) ဖြစ်ကြောင်းကြေညာနိုင်ပြီဖြစ်ပါတယ်။

အကောက်ခွန်သက်သာခွင့်တောင်းဆိုခြင်း

အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသအရ အကောက်ခွန်သက်သာခွင့်ခံစားလိုတဲ့ ပင်ရင်း ထုတ်ကုန်ကိုတင်ပို့ရာမှာ သက်ဆိုင်ရာကုန်တင်ပို့နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်က ထုတ်ပေးတဲ့စာရွက်စာတမ်း အထောက်အထားဖြစ်တဲ့ Form D ကိုတင်ပို့ သူက လျှောက်ထားဖို့လိုအပ်ပါတယ်။ အဲလိုအထောက်အထားကိုရမှသာ တစ်ဖက်နိုင်ငံမှာရှိတဲမိမိ Buyerက ကုန်စည် တင်သွင်းချိန်မှာအဲဒီအထောက်အထားကိုတင်ပြပြီး၊ အကောက်ခွန်သက်သာခွင့်ကို တောင်းဆိုနိုင်တာဖြစ်ပါတယ်။

Self-certification Scheme အကောင်အထည်ဖော်ဆောင်မှုနှင့် Legal Instrument များ

အခုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အကောက်ခွန်သက်သာခွင့်ခံစားဖို့အတွက် Form Dတင်ပြရတဲ့ နည်းလမ်းအပြင် အာဆီယံဒေသတွင်း ပင်ရင်းထုတ်ကုန်ကြေညာတဲ့အစီအစဉ် (ASEAN-wide Self-certification Scheme) ကို(၂၀-၉-၂၀၂၀)ရက်နေ့ကစပြီး တစ်ပြေး ညီအကောင်အထည်ဖော်ဆောင်ကြပြီဖြစ်ပါတယ်။ တကယ်တော့ ဒီပင်ရင်းထုတ်ကုန်ကြေညာတဲ့စနစ် (Self-Certification System)ကို ၂၀၁၀ ကတည်းကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြားမှာ စတင် ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက လုပ်ထုံးလုပ်နည်း မတူညီ ကြတဲ့ ရှေ့ပြေးစီမံကိန်းနှစ်ခုကို Pilot Project I နဲ့ Pilot Project II ဆိုပြီးစခဲ့ကြတာပါ။ Pilot Project I ကို ၂၀၁၀ မှာစတင်ခဲ့ပြီး၊ ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့က ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ မှာစတင်ခဲ့တဲ့ Pilot Project II ကိုတော့ ဖိလစ်ပိုင်၊ လာအို၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ကပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတော့ ရှေ့ပြေးစီမံကိန်းနှစ်ခုစလုံးမှာ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကStakeholderများနဲ့ လိုအပ်တဲ့ညှိနှိုင်းမှုတွေကိုပြုလုပ်ကာ ၂၀၁၆ ခုနှစ်မှာ Pilot ProjectIကို စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့အမိန့်ကြော်ငြာစာ(၉/၂၀၁၆)ထုတ်ပြန်ပြီးလိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အကောက် ခွန်သက်သာခွင့် တောင်းဆိုရာမှာ Form D တင်ပြရတဲ့ နည်းလမ်းအပြင် ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်း ထုတ်ကုန်ကြေညာတဲ့စနစ် ထပ်တိုးလာတဲ့အတွက် ကြိုက်နှစ်သက်တဲ့စနစ်ကို ရွေးချယ်အသုံး ပြုနိုင်တာဖြစ်ပါတယ်။ ဒီSelf-Certification Systemကို ကျင့်သုံးလိုတဲ့ ကုမ္ပဏီကတော့ ကုန်သွယ်ရေးဦးစီးဌာနမှာ အတည်ပြုပို့ကုန်တင်ပို့သူ(Certified Exporter -CE) အဖြစ် မှတ်ပုံတင်လျှောက်ထားဖို့လိုပါတယ်။ CE အဖြစ် မှတ်ပုံတင်နံပါတ်ရရှိပြီးတော့မှ မိမိကုမ္ပဏီကထုတ်တဲ့ အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်း (Commercial Document) တစ်ခုခုပေါ်မှာ မြန်မာ့ပင်ရင်းထုတ်ကုန်လို့ CE Authorization Code ကိုဖော်ပြပြီးမြန်မာ့ပင်ရင်းထုတ်ကုန်ဖြစ်တယ်ဆိုတာကိုကြေညာရမှာပါ။ ၂၀၁၆ခုနှစ်တုန်းက Pilot Project I Member အနေနဲ့ မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်(၆)ဦး ကို Certified Exporter အဖြစ် မှတ်ပုံတင်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်းမြန်မာနိုင်ငံကပို့ကုန်လုပ်ငန်းရှင်တွေက ၁၉၉၈ ကတည်းက Form D လျှောက် ထားနေကျနည်းလမ်းနဲ့ပဲအကျွမ်းတဝင်ရှိခဲ့တာကြောင့် Certified Exporter အဖြစ် မှတ်ပုံတင် လျှောက်ထားမှုက နည်းပါးခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက Pilot Project I နဲ့ Pilot Project II ကိုပေါင်းစည်းပြီး ASEAN-wide Self-certification Scheme အနေနဲ့ ဖြစ်ပေါ်လာဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကို (၁၀) နှစ်တာကာလအတွင်းအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီးဒီ ၂၀၂၀ ပြည့်နှစ်မှာတော့ အာဆီယံ အဖွဲ့ဝင်အားလုံးတစ်ပြေးညီ အကောင်အထည်ဖော်ဆောင်တဲ့ အဆင့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကလုပ်ငန်းရှင်များအနေနဲ့ အာဆီယံဒေသတွင်းပင်ရင်း ထုတ်ကုန်ကြေညာတဲ့အစီအစဉ်ကို လိုက်ပါဆောင်ရွက်တဲ့အခါမှာစနစ်တကျနဲ့ အကျိုးရှိရှိပါဝင်ဆောင်ရွက်နိုင်ဖို့အတည်ပြုပို့ကုန်တင်ပို့သူများလိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (Standard Operating Procedures-SOPs)ကို(၇-၉-၂၀၂၀)ရက်နေ့မှာ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၁၁/၂၀၂၀)အဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ASEAN-wide Self-certification Scheme နဲ့စပ်လျဉ်းပြီးထုတ်ပြန်ခဲ့တဲ့ Legal Instrument တွေကို ဝန်ကြီးဌာနwebsiteဖြစ်တဲ့ www.commerce.gov.mmမှာကြည့်ရှုလေ့လာနိုင်ပါတယ်။

ASEAN Single Window မှတစ်ဆင့် Form D အချက်အလက်များလဲလှယ်ခြင်း

အခြားတစ်ဖက်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံအလိုက် National Single Window Routine Platform ကနေတစ်ဆင့် ASEAN Single Window ကိုချိတ်ဆက်ပြီးForm-D ဆိုင်ရာအချက်အလက်များကိုလဲလှယ်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒီ Data Exchange လုပ်တဲ့ Live Operation ကိုမြန်မာနို်ငငံက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှာ စတင် ဝင်ရောက်ခဲ့ပြီး၊ ASEAN Trade in Goods Agreement (ATIGA) Form-D ဆိုင်ရာ အချက် အလက်များကိုအခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ အချိန်နှင့်တစ်ပြေးညီ လဲလှယ်ဆောင်ရွက် လျက်ရှိပါတယ်။ မကြာမီကာလအတွင်းဒီ e-ATIGA Data Exchange ကိုအာဆီယံအဖွဲ့ဝင်နိုင်ငံ တွေအနေနဲ့ အပြည့်အဝအကောင်အထည်ဖော်ဆောင်နိုင်တဲ့ အချိန်ရောက်ရင်သက်ဆိုင်ရာ ကုန်တင်သွင်းနိုင်ငံရဲ့ အကောက်ခွန်ဌာနမှာ Hard Copy Form Dကိုတင်ပြစရာမလိုတော့ပဲ CO Issuing Authority နဲ့ CO Receiving Authority တို့ ASEAN Single Window က တစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ပြီး ၊ အချက်အလက်လဲလှယ်တဲ့ စနစ်ကိုပဲဆောင်ရွက်ကြတော့မှာဖြစ်ပါတယ်။ ယခုဆိုရင် အာဆီယံHard Copy Form-D တင်ပြရတဲ့ စနစ်ကနေဒီအချက်အလက် လဲလှယ်တဲ့စနစ်ကိုပြောင်းလဲကျင့်သုံးတာကအကူးအပြောင်းကာလထဲမှာရောက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံအားလုံးရဲ့ အကောင်အထည်ဖော်ဆောင်မှုတွေက အားလုံး တစ်ပြေးညီမဖြစ်သေးတဲ့အတွက်အပြည့်အဝအကောင်အထည်ဖော်ဆောင်နိုင်ဖို့ အချိန်အတိုင်း အတာတစ်ခု လိုအပ်နေပါသေးတယ်။ အချက်အလက်လဲလှယ်တဲ့စနစ်ကို အပြည့်အဝအကောင် အထည်ဖော်နိုင်တဲ့ အချိန်ရောက်ရင် Form D ပေါ်မှာတင်ပို့သူရဲ့ လက်မှတ်ရေးထိုးဖို့ မလိုအပ်သလိုကုန်သွယ်ရေးဦးစီးဌာနကတာဝန်ရှိသူရဲ့ လက်မှတ်နဲ့ ရုံးတံဆိပ်တွေပါလာရောက် ရယူဖို့ မလိုအပ်တော့ပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးက ASEAN Single Window စနစ်ကနေပဲအချိန်နဲ့ တစ်ပြေးညီအချက်အလက်တွေလဲလှယ်သွားမှာဖြစ်ပါတယ်။

 

အာဆီယံနိုင်ငံများအကြားအကောက်ခွန်သက်သာခွင့်တောင်းဆိုနိုင်သည့် ပုံစံများ

လက်ရှိအနေအထားမှာတော့အာဆီယံပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ထုံးလုပ်နည်းအရအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုတင်ပို့ရာမှာ အကောက်ခွန်သက်သာခွင့်ကိုHard Copy Form D တင်ပြခြင်း (သို့) e-ATIGA Data Exchange ပြုလုပ်ခြင်း(သို့) Certified Exporter က ပင်ရင်းထုတ်ကုန်ကြေညာခြင်းစတဲ့  ပုံစံ (၃) မျိုးနဲ့တောင်းဆိုနိုင်ပြီဖြစ်ပါတယ်။

Certified Exporter လျှောက်ထားခြင်းနှင့် ကြေညာခြင်း

Certified Exporter အဖြစ်ကုန်သွယ်ရေးဦးစီးဌာနရဲ့ ကုန်သွယ်မှုကဏ္ဍအတွက် ဝန်ဆောင်မှု ပေးနေတဲ့ webpage တစ်ခုဖြစ်တဲ့ www.onlineco.myanmartradenet.com မှာရှိတဲ့ATIGA Certified Exporter ဝန်ဆောင်မှုပေးတဲ့ အပိုင်းမှာဝင်ရောက်လျှောက်ထား နိုင်ပါတယ်။ လျှောက်ထားပုံအဆင့်ဆင့်အတွက် userguide ကိုလည်းwww.myanmartradenet.comမှာ downloadရယူနိုင်ပါတယ်။ သတ်မှတ်အချက်အလက်နဲ့ကိုက်ညီတဲ့သူတွေကို စိစစ်ပြီး၊ ကုန်သွယ်ရေးဦးစီးဌာနကCertified Exporter အဖြစ်   နှစ်နှစ်သက်တမ်း ရှိတဲ့ Authorization Code ကိုခွင့်ပြုထုတ်ပေးမှာဖြစ်ပါတယ်။

Certified Exporter အနေနဲ့ကတော့ ပင်ရင်းထုတ်ကုန်ကြေညာတာကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကိုလည်း သေချာစွာလိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ယခင် Form D လျှောက်ထားတဲ့ပုံစံမှာတော့ တင်ပို့သူကပင်ရင်းထုတ်ကုန်လို့ ကြေညာမှုအပေါ် CO Issuing Authority ကအတည်ပြုပြီးတော့ တစ်ဖက်နိုင်ငံရဲ့ အကောက်ခွန်ဌာနမှာတင်ပြရတာပါ။ ယခုလို Certified Exporter ကမိမိထုတ်လုပ်တင်ပို့တဲ့ ကုန်စည်ဟာသက်ဆိုင်ရာ ပင်ရင်းနိုင်ငံစည်းမျဉ်းနဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့အညီထုတ်လုပ်တင်ပို့ထားတဲ့ ကုန်စည်ဖြစ်ကြောင်း အရောင်းအဝယ် စာရွက် စာတမ်းတစ်ခုခု (ဥပမာ- ကုန်ရောင်းပြေစာ -Invoice) ပေါ်မှာကြေညာပြီး၊ အကောက်ခွန်သက်သာခွင့်ခံစား ထိုက်ကြောင်းတင်ပြတောင်းဆို ရတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုကျင့်သုံးရာမှာ CO Issuing Authority ဖြစ်တဲ့ အစိုးရအဖွဲ့အစည်းရဲ့ ပါဝင်မှုအခန်းကဏ္ဍ ထက် ပို့ကုန်တင်ပို့သူရဲ့ အခန်းကဏ္ဍကပိုမိုအရေးကြီးလာပြီဖြစ်ပါတယ်။ CO Issuing Authority အနေနဲ့ ဒီစနစ်ကိုထိန်းကျောင်းဆောင်ရွက်တဲ့ အနေအထားမှာရှိပြီး၊ Certified Exporter ကတော့ Key Player အဖြစ် ပါဝင်ရတာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ AWSC CE Database

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနဲ့ မှတ်ပုံတင်ထားတဲ့ Certified Exporter ဆိုင်ရာအချက်အလက်တွေကိုအာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား Certified Exporter Database မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖလှယ်ရတာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရဲ့ အစိုးရအာဏာပိုင်များအချင်းချင်းဖလှယ်ရတဲ့ အချက်အလက်တွေ ကတော့  Certified Exporter ကုမ္ပဏီတရားဝင်အမည်နှင့် လိပ်စာ၊ Certified Exporter Authorization Code၊ Authorization Code ထုတ်ပေးသည့် နေ့စွဲနှင့်သက်တမ်းကုန်ဆုံးမည့် နေ့စွဲ၊ တင်ပို့မည့် ကုန်စည်စာရင်း ( HS 6 –digit သို့ HS 8-digit) ၊ ကုန်ရောင်းပြေစာပေါ်မှာ လက်မှတ်ရေးထိုး မည့် ပုဂ္ဂိုလ်စာရင်းနှင့် လက်မှတ်နမူနာတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ကုန်ရောင်း ပြေစာပေါ်မှာလက်မှတ် ရေးထိုးမည့် လူအရေအတွက်ကိုအများဆုံး(၃) ဦး ခွင့်ပြု ပေးထားပါ တယ်။

Certified Exporterလိုက်နာဆောင်ရွက်မည့် ဝတ္တရားများ

ဒီ ASEAN-wide Self-certification Scheme ကိုအကောင်အထည်ဖော်ဆောင်မည့် Certified Exporter တွေအနေနဲ့ လိုက်နာဆောင်ရွက်ရမည့် အချက်တွေထဲကအထူးအရေးကြီးတဲ့ အချက်ကတော့ Certified Exporter ကပို့ကုန်အပေါ် မိမိဘာသာအလုံးစုံ တာဝန်ယူကြေညာရတာဖြစ်တဲ့အတွက် အချက်အလက်များကိုလိမ်လည်ကြေညာခြင်းက မိမိနိုင်ငံမှာသာမက အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအထိပါ သက်ရောက်မှုရှိတာမို့ ပင်ရင်းထုတ်ကုန် ကြေညာချက်ပြုလုပ်ရာမှာ Business Ethic ရှိရှိနဲ့ တတ်နိုင်သမျှအမှား အယွင်းကင်းကင်းနဲ့ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါမှလည်းနိုင်ငံတကာကုန်သွယ်မှုမှာ မိမိကုမ္ပဏီရဲ့ပုံရိပ်သာမက နိုင်ငံရဲ့ပုံရိပ်ကိုပါ ထိခိုက်မှုမရှိစေမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရဌာနများအနေနဲ့ လည်းစနစ်ကို ထိန်းကျောင်းဆောင် ရွက်ရာမှာ ခိုင်မာမှန်ကန်မှုရှိဖို့ legal Instrument တွေကိုထုတ်ပြန်ပြီးပြစ်ဒဏ်တွေကိုချမှတ်ဆောင်ရွက်တာဖြစ်ပါတယ်။

ဒါ့အပြင် Certified Exporter က ပင်ရင်းထုတ်ကုန်ကြေညာချက် ပြုလုပ်ထားတဲ့ ကုန်ရောင်း ပြေစာမိတ္တူနဲ့ သက်ဆိုင်ရာအချက်အလက်များကို www.onlineco.myanmartradenet.comရဲ့ ATIGA Certified Exporter ဝန်ဆောင်မှုကဏ္ဍမှာပဲလစဉ်လဆန်းတိုင်းမှာ Data Upload ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ကုန်စည်တင်ပို့မှုနဲ့ ထုတ်လုပ်မှုဆိုင်ရာ စာရွက်စာတမ်း များ၊ စာရင်းဇယားများကိုအနည်းဆုံး (၃) နှစ်လက်ဝယ်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုအကောက်ခွန်သက်သာခွင့်နဲ့ တင်ပို့ခဲ့တဲ့မိမိကုန်စည်အပေါ် သက်ဆိုင်ရာကုန်တင်သွင်းနိုင်ငံကပင်ရင်းထုတ်ကုန် အခြေအနေကိုသံသယရှိလို့ပဲဖြစ်ဖြစ်၊ ကုန်စည်တင်ပို့မှုအတွက် နောက်ကြောင်းပြန်စိစစ်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်လာတဲ့ အခြေအနေမျိုး မှာကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးစက်ရုံ၊ အလုပ်ရုံများ လာရောက် လေ့လာစိစစ်ခြင်းကို လက်ခံပူးပေါင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

အသိပညာပေးအစီအစဉ်

နောက်အရေးကြီးတဲ့အချက်ကတော့ Certified Exporter လျှောက်ထားလိုတဲ့ကုမ္ပဏီတွေအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းက အသိပညာပေးအစီအစဉ်တွေ ပြုလုပ်ပေးဖို့ပါ။ ဒီလိုအသိပညာပေးအစီအစဉ်တွေကနေကုမ္ပဏီတွေအနေနဲ့ ဗဟုသုတရရှိမှသာ အလွယ်တကူလိုက်ပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ CO Issuing Authority ဖြစ်တဲ့ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ အသိပညာပေးအစီအစဉ်တစ်ရပ်ကို(၁၁-၉-၂၀၂၀ ) ရက်နေ့မှာ Virtual Awareness Training အဖြစ် နဲ့ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ တက်ရောက် လာတဲ့ ကုမ္ပဏီများအနေနဲ့လည်းဒီအစီအစဉ်မှာပါဝင် ဆောင်ရွက်ဖို့ စိတ်ပါဝင်စားမှု ရှိတာ တွေ့ရ ပါတယ်။ ခုဆိုရင် ကုန်သွယ်ရေးဦးစီးဌာနရဲ့ www.onlineco.myanmartradenet.com မှာ ကုမ္ပဏီ တွေက Certified Exporter လျှောက်ထားမှု တွေပြုလုပ်နေကြပြီဖြစ်ပါတယ်။ ဌာနအနေနဲ့လည်း Certified Exporter လျှောက်ထားမှုအတွက် ဝန်ဆောင်ကြေးအခမဲ့နဲ့ ဆောင်ရွက်ပေး နေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှ အာဆီယံပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ Form D လျှောက်ထားတဲ့ နည်းလမ်း အပြင် Certified Exporter အဖြစ် ကုန်ရောင်းပြေစာ ပေါ်မှာပင်ရင်း ထုတ်ကုန်ကြေညာနိုင်တဲ့ နည်းလမ်းကိုပါ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့တင်ပို့တဲ့ မြန်မာ့ပင်ရင်းထုတ်ကုန်တွေအတွက် အကောက်ခွန်သက်သာခွင့်တောင်း ဆိုဖို့ Dual System အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ရရှိမည့်အကျိုးကျေးဇူး

ဒီစနစ်နှစ်မျိုးကိုနှိုင်းယှဉ်ရရင်တော့ ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာတဲ့စနစ်ကလက်ရှိသမရိုးကျ CO Form ပြုလုပ်ခြင်းထက် အချိန်၊ ငွေ၊ လူအင်အားစသည်တို့သက်သာစေပြီး၊ တင်ပို့တဲ့ လုပ်ငန်းစဉ်ကိုပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်လို့ ကုန်စည်စီးဆင်းမှုဟာပိုမိုလျင်မြန်သွက်လက်စေမှာဖြစ်ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ရာမှာယခုလို covid-19 ပျံ့နှံ့မှုကာလအတွင်းတတ်နိုင်သမျှ လူချင်းထိတွေ့မှုတွေကိုလျှော့ချဖို့အထူးလိုအပ်ပါတယ်။ ခုအခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ Form D လျှောက်ထားနဲ့ နည်းလမ်း အပြင် Certified Exporter ကပင်ရင်းထုတ်ကုန်ကြေညာနိုင်တဲ့ အခွင့်အရေးတွေရရှိလာခြင်းဟာ အာဆီယံ ဒေသတွင်းကုန်စည်စီးဆင်းမှုကိုပိုမိုလျင်မြန်လွယ်ကူချောမွေ့စေမှာဖြစ်တဲ့အတွက် covid-19 ကာလအတွင်းမှာပါနိုင်ငံရဲ့ကုန်စည်စီးဆင်းမှုကို အထောက်အကူ ပြုစေနိုင်မှာဖြစ်ပါတယ်။  

ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ဒီလိုကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေတဲ့အစီအစဉ်တွေကို အကျိုးရှိစွာမှန်မှန်ကန်ကန် လိုက်ပါအကောင်အထည်ဖော်ဆောင်ဖို့နဲ့ မိမိတင်ပို့တဲ့ကုန်စည် အတွက်အပြည့်အဝတာဝန်ယူပြီး၊ မြန်မာ့ပင်ရင်းထုတ်ကုန်လို့ ကြေညာရမှာ ဖြစ်တဲ့အတွက် Business Ethicရှိရှိဆောင်ရွက်ကြဖို့ အထူးအလေးထားတိုက်တွန်းလိုပါတယ်။

ရှင်စောသု (Rules of Origin)

နောက်ဆုံးရသတင်းများ

Pages