မှတ်ပုံတင်ထားခြင်းမရှိ၊ တံဆိပ်ကပ်မထားသော စားသောက်ကုန်များတင်သွင်းခြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစ၍ ပိတ်ပင်လိုက်သော လာအိုအစိုးရ

 

လာအို၊ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ လာအို၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် သို့မဟုတ် လာအိုဘာသာဖြင့် ကုန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော စားသောက်ကုန်များ တင်သွင်းရောင်းချခြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစ၍ တားမြစ်ပိတ်ပင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစည်းမျဉ်းကို အဖျော်ယမကာများ၊ အားဖြည့်အချိုရည်များ၊ ဗီတာမင်အချိုရည်များ၊ ဖြည့်စွက်စာများနှင့် ပြုပြင်ထားသောငါးများ အပါအဝင် ကုန်စည်များစွာအပေါ် ကျင့်သုံးမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကတည်းက ကြေညာခဲ့ပြီး စစ်မှန်မှု၊ နောက်ကြောင်း ပြန်လိုက်နိုင်မှုနှင့် စားသုံးသူ အန္တရာယ်ကင်းရေးအတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်နံပါတ်နှင့် စက်ရုံတွင် ထုတ်လုပ်သည့် အချိန်မှစ လာအိုဘာသာဖြင့် ဖော်ပြခြင်းကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် အပြည့်အဝလိုက်နာရန် မျှော်လင့်ထားသော်လည်း ကူးပြောင်းကာလအတွင်း လာအိုဘာသာစကားပါ စတစ်ကာများကို ယာယီအသုံးပြုခွင့်ပြုထားမည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းကို သွင်းကုန်လုပ်ငန်းရှင်များ၊ လက်လီလက်ကားရောင်းချသူများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းရှင်များက စံချိန်စံညွှန်းအသစ်အဖြစ် လိုက်နာရမည်ဖြစ်ပါသည်။

ပြည်နယ်အာဏာပိုင်များ၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် အကောက်ခွန်စသည့် ဆက်စပ်ဌာနများကလည်း အဆိုပါ စည်းမျဉ်းအသစ် နိုင်ငံတဝန်း ကျင့်သုံးနိုင်ရေး တင်းကြပ်စွာ စောင့်ကြည့်ကြပ်မတ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ စည်းကမ်းမလိုက်နာသူများအား ဒဏ်ကြေး၊ ကုန်ပစ္စည်း သိမ်းဆည်းခြင်းနှင့် လုပ်ငန်းလိုင်စင်များရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းအပါအဝင် ဥပဒေအရ အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရင်းမြစ်။        laotiantimes.com