ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၀၁ ကြိမ်မြောက် နိုင်ငံအဖြစ် နီကာရာဂွာက ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်အား နီကာရာဂွာနိုင်ငံက လက်ခံကြောင်း အကြောင်းကြားစာကို နီကာရာဂွာ၏ WTO သံအမတ်ကြီး Rosalía Bohorquez Palacios က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ဇွန်လ ၂ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။ ယခုအခါ သဘောတူညီချက်အသက်ဝင်ရန် နောက်ထပ် ၁၀ နိုင်ငံ မှ လက်ခံရန်သာလိုပါတော့သည်။

ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ ခုနှစ်တွင် WTO အဖွဲ့ဝင်များက ယခုအထင်ကရ သဘောတူညီချက်ကို လက်ခံခဲ့ခြင်းသည် သမုဒ္ဒရာများ၏ ကြွယ်ဝမှုနှင့် အသက်ဝင်မှုကို ပြန်လည်ရရှိရန် ရေရှည်တည်တံ့သောလမ်းကြောင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ထပ်မံ၍ သဘောတူညီချက် အသက်ဝင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နီကာရာဂွာ၏ တရားဝင်လက်ခံမှုကြောင့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက် အသက်ဝင်ရန် ယခင်ကထက်ပိုနီးကပ်လာပြီဖြစ်ကြောင်း၊ ပန်းတိုင်ရောက်ရန် နောက်ထပ် ၁၀ နိုင်ငံ၏ လက်ခံမှုသာလိုကြောင်း၊ ယခု လက်ခံမှုကြောင့် သဘောတူညီချက်ကို လက်ခံခဲ့သော ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အကောင်အထည်ဖော်ရန် လိုအပ်မည့် နည်းပညာနှင့် စွမ်းရည်မြှင့်တင်ရေးအကူအညီများကို WTO Fish Fund ရန်ပုံငွေသို့ လျှောက်ထားနိုင် ရန် ဖိတ်ကြားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နီကာရာဂွာ၊ သံအမတ်ကြီး Bohorquez Palacios က သဘောတူညီချက်ကို လက်ခံမှုသည် စည်းမျဉ်းအခြေခံ နိုင်ငံစုံကုန်သွယ်မှုစနစ်အား နီကာရာဂွာ၏ ထောက်ခံမှုကို ထပ်မံအတည်ပြုခြင်းဖြစ်ကြောင်း နှင့် အဏ္ဏဝါအရင်းအမြစ်များ ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရန် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ ကို ကတိကဝတ်ပြုခြင်းဖြစ်ကြောင်း၊ နီကာရာဂွာသည် သမုဒ္ဒရာနှစ်စင်းနှင့် နယ်နိမိတ်ထိစပ်နေ၍ ရေနေသတ္တဝါများနှင့် အဏ္ဍဝါစီးပွားရေးသည် မိမိတို့အတွက် အရေးကြီးကြောင်း၊ ယခုသဘောတူညီချက် အသက်ဝင်စေရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် WTO အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သဘောတူညီချက် အသက်ဝင်စေရန် WTO အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံဖြစ်သော ၁၁၁ နိုင်ငံမှ တရားဝင်လက်ခံရန် လိုအပ်ပါသည်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၌ တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ ပေးမှုဆိုင်ရာသဘောတူညီချက်သည် ကမ္ဘာတစ်ဝန်းငါးလျော့နည်း လာစေသည့် အထောက်အပံ့များမပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များပြဋ္ဌာန်း    ထားပါသည်။ အဆိုပါသဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ် ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်း မရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကိုတားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကို တားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ပါဝင်သည်။ 

ထို့အပြင် အဆိုပါသဘောတူညီချက်၏ တာဝန်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍ နည်းပညာဆိုင်ရာအကူ အညီထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။ လက်ရှိသဘောတူညီချက်ကို အဆင့်မြှင့်တင်ရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေး အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ညှိနှိုင်းလျက်ရှိပါသည်။

ရင်းမြစ်။        www.wto.org