“(၇၅)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ မေလ ၅

  ကမ္ဘောဒီးယားနိုင်ငံ၊ စီရမ်ရိမြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “(၇၅)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အဖွဲ့ အစည်းအဝေး (75th  ASEAN Working Group on Intellectual Property Cooperation -AWGIPC) နှင့် ဆက်စပ်အစည်းအဝေးများ” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။

  အဆိုပါအစည်းအဝေးကို အာဆီယံဒေသတွင်းနိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများနှင့် ၂၀၂၅ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးဖလှယ်ခြင်း၊ အာဆီယံမူပိုင်ခွင့် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် မူဘောင်အပေါ် ပြင်ဆင်ချက်များနှင့် ၂၀၂၆-၂၀၃၀ အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်အား ရေးဆွဲရေးလုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှု စာချွန်လွှာ (MoU) အရ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း နှင့် မူပိုင်ခွင့်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား  အာဆီယံဒေသတွင်း မူပိုင်ခွင့်ရုံးများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အကြီးအကဲများ တွေ့ဆုံဆွေးနွေးခြင်းတို့ကို ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။  

  မြန်မာနိုင်ငံ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့်  ၂၀၂၅ ခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနား၊ (၁၆) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုနယ်ပယ်နှင့်စပ်လျဉ်း သည့် အစည်းအဝေး၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO)၊ ကိုရီးယားနိုင်ငံမူပိုင်ခွင့်ရုံး (Korea Intellectual Property Office – KIPO)၊ ဂျပန်နိုင်ငံတီထွင်မှု မူပိုင်ခွင့်ရုံး (Japan Patent Office–JPO)၊ ဗြိတိန်နိုင်ငံမူပိုင်ခွင့်ရုံး (United Kingdom Intellectual Property Office–UKIPO) တို့နှင့် အာဆီယံဒေသတွင်း မူပိုင်ခွင့်ရုံးများမှ ဌာနကြီးမှူးများ တွေ့ဆုံသည့် မူပိုင်ခွင့်ဆိုင်ရာအစည်းအဝေးများတွင် ပါဝင်တက်ရောက်လျက်ရှိပါသည်။

  ထို့အပြင် စင်ကာပူမူပိုင်ခွင့်ရုံး (Intellectual Property Office of  Singapore – IPOS) နှင့် အခြားသော အာဆီယံနိုင်ငံများ၏ ညွှန်ကြားရေးမှူးချုပ်များနှင့်တွေ့ဆုံ၍  မူပိုင်ခွင့်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။