မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာအား ထုတ်ပြန်ခြင်း  အခမ်းအနား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် World Bank Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာအား ထုတ်ပြန်ခြင်း အခမ်းအနား  (Launching Ceremony for Myanmar Diagnostic Trade  Integration Study) ကို  Hilton Hotel ၊ နေပြည်တော် ၂၀၁၆ ခုနှစ်၊  ဇွန်လ  ၂၀ ရက်နေ့ ကျင်းပခဲ့ရာ နိုင်ငံတော်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်မှ ဥက္ကဌနှင့်ညီနောင်အသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ EIF Executive Director Dr.Ratnakar Adhikari, ကမ္ဘာ့ဘဏ်မှ  Country Manager Mr.Abdoulaye Seck, ဥရောပသမဂကိုယ်စားလှယ် Mr.Philipp Dupuis နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေမှအဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့အခမ်းအနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Myanmar Diagnostic Trade Integration Study – DTIS)အစီရင်ခံစာမူကြမ်းကိုကမ္ဘာ့ဘဏ်က အပြီးသတ်ရေးဆွဲပြီးဖြစ်၍ ထုတ်ပြန်သော အခမ်းအနား ဖြစ်ပါကြောင်း၊ အစီရင်ခံစာသည်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ မြန်မာနိုင်ငံနည်းတူ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integration Framework (EIF) လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည်ကမ္ဘာ့ဘဏ်မှ ၂.၉ % ကနဦး ခန့်မှန်း ထားခဲ့ရာမှအခုနောက်ဆုံး ၂.၄% သို့ လျော့ကျသွားခဲ့ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအားပျော့လာမှု၊ အရင်းအနှီး စီးဆင်းမှု နှေးကွေးသွားမှု စသော အကြောင်းရင်းခံများကြောင့် ဖြစ်ပါကြောင်း၊ ထွန်းသစ်စဈေးကွက်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန် တင်ပို့မှုများ သည် အဓိကကုန်စည်များနှင့်ရေနံဈေးနှုန်းတိုးတက်မှု နှေးကွေးနေသော ကမ္ဘာ့စီးပွားရေးအခြေအနေ၊ စီးပွားရေးမူဝါဒ ထိန်းညှိမှု တည်ဆောက်မှု ပုံစံကို ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်လာခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများတွင်ကမ္ဘာတစ်ဝှမ်း ပို့ကုန်များ တင်ပို့သည့် အခါ နိုင်ငံများအဖြစ် အခိုင်အမာ တိုးတက်လာသည်ကို ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိခဲ့ပါကြောင်း၊

ဆက်လက်၍ ဒုတိယသမ္မတက မြန်မာနိုင်ငံအနေနှင့် အစိုးရသစ်လက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာခြင်းကို ဦးစားပေးမူဝါဒ တစ်ရပ်အနေနှင့် ချမှတ်ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့် အမျှ အာရှဒေသတွင်းစီးပွားရေးအင်အားကြီးနိုင်ငံများ၏ စီးပွားရေးသည်လည်း နှေးကွေးလာခဲ့ပါကြောင်း၊ ဒီလိုအချိန်တွင် မိမိတို့မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် ပေါင်းစည်းမှု အလျင်အမြန် မြင့်မားလာရန် အရေးကြီးပါကြောင်း၊အထူးသဖြင့်ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့်မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန် အရေးကြီးလှပါကြောင်း၊ အဘယ်အကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုးနှင့် ကုန်သွယ်မှုအချိုး၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအပေါ်မှီခိုမှု Trade Dependency သည် ၃၀%ခန့်အထိ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အချက်အချာကျမှုကိုအကျိုးရှိရှိ ထိထိ ရောက်ရောက် အသုံးချနိုင်ရန် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ မြင့်မားလာရေးသည် အထူးပင်အရေးကြီးနေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ဒုတိယသမ္မတက ကမ္ဘာ့စီးပွားရေးနှင့်  ပေါင်းစည်းနိုင်ရန်  အဘက်ဘက်မှ တိုးမြှင့်ရန်  ဆောင်ရွက် နေပါကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့်အတူ  အရင်းအနှီးစီးဆင်းမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ စီးဝင်လာမှု၊  ပို့ကုန်ကဏ္ဍ မြင့်တက်လာမှု စသည်ဖြင့်  စီးပွားရေးတိုးတက်မှု ကွင်းဆက်များ တစ်ခုပြီးတစ်ခု  ဖြစ်ထွန်းပေါ်ပေါက်လာရန် အစိုးရမှ  အလေးထား ဆောင်ရွက်နေပါကြောင်း၊ အများသိရှိပြီး ဖြစ်သည့်အတိုင်း ၂၀၃၀ ပြည့်နှစ်တွင်  ကမ္ဘာကြီးကို ပိုမိုကောင်းမွန် သောနေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး  ရေရှည်တည်တံ့ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals – SDGs)  ကိုချမှတ်ထားပါကြောင်း၊ ပန်းတိုင်(၁၇) ရပ်တွင်  လူတိုင်းအတွက် “သင့်တော်သော အလုပ်အကိုင် ရရှိစေပြီး  အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွားရေးတိုးတက်မှု မြှင့်တက်ရေး”  “ရေရှည် တည်တံ့သော စားသုံးမှု၊ ထုတ်လုပ်မှု ပုံစံများ အခိုင်အမာ ပေါ်ပေါက်လာရေး” စသော ပန်းတိုင်(၂) ရပ်ပါဝင်နေပါကြောင်း၊ ပန်းတိုင်(၂) ရပ်ပြည့်ဝရန်အတွက် မြန်မာနိုင်ငံ၏  ပို့ကုန်ကဏ္ဍနှင့် ကုန်သွယ်မှုများက အဓိကကျကြောင်း၊ ကမ္ဘာ့စီးပွားရေးနှင့်  ဘယ်လောက်အထိ လျင်လျင်မြန်မြန် ပေါင်းစည်းနိုင်မည်ဆိုသော  အချက်ပေါ်တွင်  မူတည်နေပါကြောင်း၊  ထို့ကြောင့် ကုန်သွယ်မှုဘက်စုံ  လေ့လာဆန်းစစ်ခြင်း ( Myanmar Diagnostic Trade Integration Study – DTIS) အစီရင်ခံစာသည် ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် နိုင်ငံသူနိုင်သားများအတွက်  အရေးပါလှသော  အစီရင်ခံစာတစ်စောင်  ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအနေနှင့်  ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းလျက်ရှိရာတွင်  ဘယ်နယ်ပယ်၊ ဘယ်လုပ်ငန်းများတွင်  အတားအဆီးများ ရှိနေသည်၊ ဘယ်လိုနည်းပညာ ပံ့ပိုးကူညီများ လိုအပ်နေသည်၊ ဘယ်လိုမူဝါဒများ ပြောင်းလဲရန် လိုအပ်နေသည်စသော အချက်များကို  ဒီအစီရင်ခံစာတွင် လေ့လာသုံးသပ် ဖော်ထုတ်ပေးထားတာ ဖြစ်ပါကြောင်း၊ အလားတူ စီးပွားရေးကဏ္ဍတစ်ခု တည်းသာမက စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အင်စတီကျူးရှင်း လိုအပ်ချက်များ ကုန်စည်များ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းအခြေခံများ ဖွံ့ဖြိုးှု မရှိသေးမှု၊ ကုန်သွယ်ရေးကော်ရစ်ဒါ လမ်းကြောင်းကြီးများ မပီပြင်သေးမှု၊  သယ်ယူပို့ဆောင် ရေးနှင့်  ကုန်သွယ်မှုချောမွေ့စေရေး ပံ့ပိုးကူညီမှု လိုအပ်နေမှုတို့ကို ဆန်းစစ်လေ့လာဖော်ထုတ်ထားပါကြောင်း၊  နိဂုံးချုပ် အနေနှင့်  နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေးတိုးတက်မှုနှင့် ကုန်သွယ်မှုကောင်းမွန်ရန်  ကုန်သွယ်ရေးမူဘောင်နှင့်  အင်စတီကျူး ရှင်းများ၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေး ကော်ရစ်ဒါကြီးများ၊  ကုန်စည်ဆိုင်ရာ  အရည်အသွေးနှင့် စံချိန်စံညွန်း သတ်မှတ်မှုများ၊ မလိုအပ်သော အပိုကုန်ကျမှုများကို  အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မည့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ အထူးပင်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏  လိုအပ်ချက်များကို မီးမောင်းထိုးပြသည့်အပြင်  ဒီလိုအပ်ချက်၊ အားနည်းချက်များကို ဘယ်ပုံဘယ်နည်း ပြုပြင်ပြောင်းလဲရမည်ဆိုသည့်  လုပ်ငန်းစဉ်များကိုပါ ဖော်ထုတ်ရေးသားထားသည့် အတွက်  ဒီအစီရင်ခံစာသည် မိမိတို့နိုင်ငံအတွက် တန်ဖိုးရှိလှပါကြောင်း၊ ရွေးကောက်ပွဲအလွန် လပိုင်းသာသာ သက်တမ်းသာ ရှိသေးသော မိမိတို့အစိုးရအတွက် များစွာအထောက်အကူဖြစ်စေနိုင်မည့် အစီရင်ခံစာ ဖြစ်ပါကြောင်း၊ အစီရင်ခံစာကို ဖတ်ကြည့်လိုက်သည်နှင့် အစီရင်ခံစာပြုစုသူများ၊ အစီရင်ခံစာပြီးမြောက်အောင် ပံ့ပိုးကူညီကြသူများ၏  စိတ်ရင်းစေတနာကောင်းကို မြင်တွေ့သိရှိနိုင်ပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာရေးသား ပြုစုရာတွင် အစစအရာရာ စိတ်အား ထက်သန်စွာ ပံ့ပိုးကူညီခဲ့သော ကမ္ဘာ့ဘဏ်အဖွဲ့၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော သက်ဆိုင်ရာဌာနများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ အစီရင်ခံစာအား ထုတ်ပြန်ပြီးရုံနှင့် ပြီးသွားမည်မဟုတ်ကြောင်း၊  မိမိတို့အနေနှင့် အစီရင်ခံစာပါ လိုအပ်ချက်များ၊ အားနည်းချက်များကို ပြင်ဆင်ပြီး အကြံပြုချက်များ၊ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊  ဒီလိုအပ်ချက်များ၊ လုပ်ငန်းစဉ်များကို မိမိတို့ အစိုးရပိုင်မှ အလေးထားပြီး စဉ်းစားသုံးသပ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်  ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ၊  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်  မိမိတို့ရဲ့ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များအနေနှင့်  လိုအပ်သော နည်းပညာ  ပိုင်း၊ ငွေရေးကြေးရေးအပိုင်းများတွင် ပူးပေါင်းပါဝင်ပြီး မြန်မာ့စီးပွားရေး ကမ္ဘာလုံးဆိုင်ရာနှင့်  ပေါင်းစည်းနိုင်ရန်  ရှေ့ဆက်ပြီးလည်း အားပေးကူညီပံ့ပိုးပေးကြပါရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။

ယနေ့ပြုလုပ်သည့်အခမ်းအနားတွင် နိုင်ငံတော်ဒုတိယသမ္မတအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊  ကုန်သွယ်မှုနှင့်ဆက်စပ်နေသော  ဝန်ကြီးဌာနမှကိုယ်စားလှယ်စုစုပေါင်း (၂၀၀) ခန့်တက်ရောက်ခဲ့ပါသည်။