ရူဘယ်ငွေတန်ဖိုး မြင့်တက်လာမှုကြောင့် ရုရှားဂျုံဈေးနှုန်းများ တစ်နှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိ
ရုရှား ရူဘယ်ငွေတန်ဖိုးမြင့်တက်လာခြင်းနှင့် တောင်သူများ ဂျုံရောင်းချမှုလျော့နည်းခြင်းတို့ကြောင့် ရုရှား ဂျုံဈေးနှုန်းများ တစ်နှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ ပင်လယ်နက်ဒေသ၏ အဓိကဆိပ်ကမ်း Novorossiysk မှ တင်ပို့သည့် ဂျုံစျေးနှုန်းသည် ၂၀၂၅ ခုနှစ် မေလမှစ၍ တစ်နှစ်အတွင်း အမြင့်ဆုံးဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၄၄ ဖြင့် ၁.၇ % မြင့်တက်ခဲ့ပါသည်။
ပြီးခဲ့သည့်လမှစ၍ ဂျုံစျေးနှုန်း တဖြည်းဖြည်းတက်ခဲ့ခြင်းမှာ ရုရှားငွေတန်ဖိုးတက်လာခြင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ကောက်ပဲသီးနှံဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ရူဘယ်ဈေးမြင့်နေ၍ ပို့ကုန်လုပ်ငန်းရှင်များသည် ဒေါ်လာဖြင့်ရရှိသောဝင်ငွေများကို ပြည်တွင်းသုံး ရူဘယ်ငွေကြေးသို့ လဲလှယ်ရာတွင် ဝင်ငွေပမာဏလျော့နည်းပြီး အမြတ်ရရှိမှုနည်းသည်ဟု ထင်မြင်ရကြောင်း မျိုးစေ့ထုတ်လုပ်ရေးပညာရှင်များပါဝင်သောအဖွဲ့ (IKAR) ၏ ထုတ်ပြန်ချက်အရသိရှိရသည်။
ထို့ကြောင့် တောင်သူများက ဈေးကောင်းရရှိရန် ဂျုံရောင်းချမှုကို ဆိုင်းငံ့ထားခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်ကာ ဂျံဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ ရူဘယ်ငွေတန်ဖိုးမြင့်တက်ခြင်းမှာ ရုရှားရေနံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိကာ အမေရိကန်ဒေါ်လာကို ယှဉ်ပြိုင်နိုင်လာခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။
အမေရိကန်တွင် သီးနှံစိုက်ပျိုးမှုအခြေအနေများ ဆိုးရွားလာခြင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စွမ်းအင်နှင့် ဓာတ်မြေသြဇာ ကုန်ကျစရိတ်များ တိုးမြင့်လာသဖြင့် ချီကာဂိုဈေးကွက်တွင် ဂျုံဈေးနှုန်းများ နှစ်နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း၊ သို့သော် ထွက်နှုန်းမြင့် soft red winter wheat ကမူ ၀.၂ % ကျဆင်းကာ ၁ bushel (၀.၀၃ တန်) လျှင် ဒေါ်လာ ၆.၄၆ ဖြစ်ပြီး ၁.၇ % မြင့်တက်နေဆဲဖြစ်ကြောင်း၊ အာဂျင်တီးနားနိုင်ငံ၏ ပို့ကုန်ခွန်လျှော့ချရန် ဆုံးဖြတ်ချက်ကြောင့် ၎င်း၏ ကောက်ပဲသီးနှံများ အမေရိကန်ထွက်ကုန်များထက် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းပိုမိုရရှိကာ ဈေးကွက်အပေါ် သက်ရောက်မှုများရှိနေသည်။ အလားတူ အခြားသီးနှံများဖြစ်သော ပြောင်းဈေးနှုန်းမှာ ၀.၅ % နှင့် ပဲပုပ်ဈေးနှုန်းမှာ ၀.၄ % အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ရင်းမြစ်။ https:/ukragroconsult.com/
