ဥယျာဉ်ကျေးရွာ၌ မိုးနှမ်းဈေးနှုန်း ကောင်းမွန်၍ တောင်သူများ အကျိုးအမြတ်ရရှိ

Thu, 09/26/2024 - 05:13 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ တွင် စပါး၊ နှမ်း၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး မိုးနှမ်း ၂၅၀ ဧက စိုက်ပျိုးထားရှိကြောင်း၊ နှမ်းကို မေလတွင် စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။

   မျိုးအနေဖြင့် နှမ်းဖြူမျိုးကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုး ၃ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃ သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ၁၀-၁၃ တင်းခန့် ထွက်ရှိရာ မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၁၂၇,၀၀၀-၁၃၅,၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀ သိန်းခန့် ရရှိကြောင်း သိရသည်။

   ပြည်တွင်းဈေးကွက်အနေဖြင့် နှမ်းသီးနှံများကို အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ကြောင်း၊ ပြည်ပဈေးကွက် အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ကြောင်း၊ အထက်မင်းလှမြို့နယ်၌ ယခုနှစ် မိုးနှမ်းစိုက်ပျိုးမှုတွင် အထွက်နှုန်း လျော့နည်းသော်လည်း ပြည်တွင်းစားသုံးမှု မြင့်မားပြီး ပြည်ပဝယ်လိုအားကောင်းကာ ဈေးကွက်ခိုင်မာမှုရှိသော နှမ်းသီးနှံများ ဈေးနှုန်းမြင့်တက်ပြီး အရောင်း အဝယ် ဖြစ်လျက်ရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages