အာရှ၏ ပထမဆုံးစီမံကိန်း၊ အရှေ့တောင်အာရှ၏ အကြီးမားဆုံးနှင့် လာအိုနိုင်ငံ၏ ပထမဆုံး လေအားလျှပ်စစ် စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးရန် လက်မှတ်ရေးထိုးခဲ့ခြင်း

Tue, 03/14/2023 - 04:11 -- wtodep

၆၀၀ မီဂါဝပ်ရှိ လေအားလျှပ်စစ်စက်ရုံကို လာအိုနိုင်ငံတောင်ပိုင်း Sekong နှင့် Attapeu ပြည်နယ်များတွင် တည်ထောင်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မုတ်သုံလေအားလျှပ်စစ် ကုမ္ပဏီလီမီတက် (Monsoon Wind Power Company Limited) တို့အကြား အမြတ် စတင်ရရှိသည့် အချိန်မှသာလျှင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည့် ငွေချေးခြင်းစီမံကိန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

လေတာဘိုင်ပေါင်း ၁၃၃ ခု ပါဝင်သည့် အဆိုပါစီမံကိန်းသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးနှင့် လာအိုနိုင်ငံ၏ ပထမဆုံးလေအား လျှပ်စစ်လုပ်ငန်းဖြစ်ပြီး ရရှိလာသောစွမ်းအင်ကို အိမ်နီးချင်း ဗီယက်နမ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းသည် အာဆီယံနိုင်ငံများအတွင်း အကြီးမားဆုံးဖြစ်ပြီး ငွေချေးလုပ်ငန်းစဉ် တစ်ခုလုံးကို အာရှဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ငွေလုံးငွေရင်းချေးငွေ (A loan) အဖြစ်လည်းကောင်း၊ အမေရိကန်ဒေါ်လာသန်း ၁၅၀ ကို လုပ်ငန်းစု အလိုက်ချေးငွေ (B loan) အဖြစ်လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို သက်သာခွင့်နှင့် ရရှိသော ချေးငွေအဖြစ်လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၃၈၂.၅၅ ကို ချေးငွေများ (Parallel) အဖြစ်လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၁၀ ကို ထောက်ပံ့ငွေအဖြစ်လည်း ကောင်း သတ်မှတ်ပေးအပ်သွားမည်ဖြစ်ပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းများဌာန ညွှန်ကြားရေးမှူးချုပ် Suzanne Gaboury က အာရှနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများရရှိရန်မှာ ရာသီဥတုနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုများ အားနည် ကြောင်း၊ ယခုစီမံကိန်းသည် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး လေမှတစ်ဆင့် သန့်ရှင်းသောစွမ်းအင်ကို ထုတ်လုပ်ပေးကာ ဒေသတွင်းလူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအရှိန်ရစေမည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံ၏ အသုံးပြုခြင်းမရှိသေးသော လေသဘာဝရင်းမြစ်များကို သန့်ရှင်းသောစွမ်းအင်၊ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန်နှင့် စီးပွားရေးအတွက် ရေရှည် အကျိုးအမြတ်ရရှိစေရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မိတ်ဖက်များက ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဖြတ်ကျော် လျှပ်စစ်စွမ်းအင်ရောင်းချရေးသည် မဏ္ဍိုင်တစ်ခုဖြစ်ပြီး မိုးရာသီမှသာ ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်ကဲ့သို့ စွမ်းအင်မျိုးထက် ရာသီမရွေးထုတ်လုပ်နိုင်သော လေအားလျှပ်စစ်ကို စွမ်းအင် အမယ်ကွဲ တစ်မျိုးအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကြောင့် ဖန်လုံအိမ်မှထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၇၄၈, ၈၆၇ ခန့်ကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

လုပ်ငန်းစုအလိုက်ချေးငွေ (B loan) ထဲမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ထိုင်း ကူးသန်းရောင်းဝယ်ရေးဘဏ် (Siam Commercial Bank) နှင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ဆူမီတိုမိုမစ်ဆူအိဘဏ်လုပ်ငန်းကော်ပိုရေးရှင်း (Sumitomo Mitsui Banking Corporation) မှ လည်းကောင်း၊ သက်သာခွင့်နှင့် ရရှိသော ချေးငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို Leading Asia’s Private Infrastructure Fund (LEAP) နှင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို Canadian Climate Fund for the Private Sector in Asia) မှလည်းကောင်း၊ Parallel ချေးငွေများအနက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို Japan International Cooperation Agency (JICA)မှလည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို  ကာစီခွန်ဘဏ် (Kasikorn Bank) မှ လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၇၂.၅၅ ကို အာရှအခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank) မှလည်းကောင်း၊ အမေရိကန် ဒေါ်လာ သန်း ၆၀ ကို ထိုင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာဘဏ်မှလည်းကောင်း၊ အမေရိကန် ဒေါ်လာ သန်း ၃၀ ကို Hong Kong Mortgage Corporation Limited မှလည်းကောင်း ချေးယူထားခြင်းဖြစ်ပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ ရန်ပုံငွေနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ထောက်ပံ့ငွေ (Grant) အမေရိကန်ဒေါ်လာ ၁၀ သန်းသည် ငွေချေးသူများအတွက် စီမံကိန်းဆိုင်ရာ ဆောင်ရွက် ရာတွင် တွေ့ကြုံရသော အတားအဆီးများကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။

Source: Asia Development Bank

International Trade News

Pages