မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

Fri, 12/30/2022 - 07:00 -- ipICTdep

မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၂၉ ရက်

             မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေးခန်းမ(ရုံးအမှတ်-၅၂) တွင် Virtual စနစ်ဖြင့်ကျင်းပ ခဲ့ပါသည်။

           အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ရခိုင်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ SMEs လုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၉၅)ဦးခန့်က Virtual ဖြင့် တက်ရောက်ကြသည်။

          အခမ်းအနားတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြား ရာ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များအား မူပိုင်ခွင့်ဥပဒေများကို သိရှိနားလည် စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် ကုန်အမှတ်တံဆိပ်မူပို်ငခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ် ဆိုင်ရာ သိကောင်းစရာများ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာအသိပညာဗဟုသုတများကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊   မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြားဦးစီးဌာနများနည်းတူ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း၊ ရန်ကုန်(ရုံးခွဲ)နှင့် မန္တလေး(ရုံးခွဲ)များကို ဖွင့်လှစ်သွားရန် ဖွဲ့စည်းပုံ တွင်ဖွဲ့စည်းထားရှိပြီး ယခုလက်ရှိ လုပ်ငန်းများကို ရုံးအမှတ်-၅၂၊ ရုံးချုပ်(နေပြည်တော်)တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံမှာ ဈေးကွက်တွင်လက်ရှိ အသုံးပြုနေသည့် အမှတ်တံဆိပ်များကို ကြိုတင်လက်ခံလျက်ရှိပါကြောင်း၊ ကုန်အမှတ်တံဆိပ်များကို အီလက်ထရောနစ်စနစ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း၊  ကောင်တာသို့ တိုက်ရိုက်လာရောက် လျှောက်ထားနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု WIPO file စနစ် သည် ကမ္ဘာ့မူပို်ငခွင့်အဖွဲ့ (WIPO)မှ ရယူအသုံးပြုသော စနစ်ဖြစ်ပါကြောင်း၊ အီလက်ထရောနစ် စနစ်ဖြင့် လျှောက်ထားနိုင်ရေးအတွက် WIPO file user account ကိုယ်စားလှယ်များကို သင်တန်း များပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်လည်း ထပ်မံ သင်တန်းပေးသွားရန် ရည်ရွယ်ထားပါ ကြောင်း၊  ကိုယ်စားလှယ် (၆၀၀)ကျော်ကို WIPO file user accountဖွင့်လှစ်ပေး ထားပြီး ဖြစ်ပါကြောင်း၊  လျှောက်လွှာပေါင်း(၄)သောင်းကျော်ကို ကြိုတင်လက်ခံရရှိထားပြီးဖြစ်ပါ ကြောင်း၊ Soft Opening ဖွင့်လှစ်၍ ကြိုတင်လက်ခံထားသော အမှတ်တံဆိပ်လျှောက်ထားချက်များကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ရောက် ပြီးနောက် တရားဝင်လက်ခံခြင်းအတွက် (Grand Opening)ဆောင်ရွက်သည့်နေ့ရက်တွင် Filing Dateပေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကို (၃)ကြိမ်ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခု တက်ရောက်သူများကိုလည်း မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတ များကို သိရှိနားလည်စေရန် ရည်ရွယ်သည့် အပြင် မူပိုင်ခွင့်ဦးစီးဌာနနှင့် အဆက်အသွယ် မပြတ် ရှိစေရန် ရည်ရွယ်ပါကြောင်း၊  တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးခဲ့သည့် အကြောင်း အရာများတွင် သိရှိလိုသည့် အကြောင်းအရာများ၊ မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များ နှင့်ပတ်သက်၍ သိရှိလိုပါက မေးမြန်းနိုင်ပါကြောင်း၊  ဌာန၏ websiteနှင့် Facebook Page များတွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း နှင့် ယခု ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဝိုင်းဝန်းပူးပေါင်းခဲ့ကြသူ များ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တက်ရောက်လာ သောတာဝန်ရှိသူများအား ကျေးဇူးတင် ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ထို့နောက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ စာပေနှင့် အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူးက  ဆွေးနွေးခဲ့ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သောလျှောက်လွှာပုံစံများနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပို်ငခွင့် ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ ကိုယ်စားလှယ် များက သိရှိလိုသည်များကို မေးမြန်းကြပြီး၊ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ပါသည်။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ်(၁၂:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိ ပါသည်။