(၁၂)ကြိမ်မြောက်အာဆီယံမူပိုင်ခွင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကွန်ရက် အစည်းအဝေးနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ တိုးတက်မှုများနှင့် အရေးယူဆောင်ရွက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

Mon, 09/18/2023 - 09:46 -- ipICTdep

နေပြည်တော်၊ စက်တင်ဘာလ ၁၈

   ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကွန်ရက်အစည်းအဝေးနှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက် နေ့အထိကျင်းပပြုလုပ်သည့် အာဆီယံနှင့်အမေရိကန်တီထွင်မှုနှင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ တိုးတက်မှုများနှင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့  မြန်မာနိုင်ငံမှ အရာထမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးနှင့်ဆွေးနွေးပွဲကို အာဆီယံဒေသတွင်း စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေဆိုင်ရာ တိုးတက်မှုအခြေအနေများ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဥပဒေအရအကျိုးသက်ရောက်မှုများ၊ မှတ်ဉာဏ်တုနည်းပညာ (Artificial Intelligence Technology) နှင့်စပ်လျဉ်း၍ မူဝါဒဆိုင်ရာကိစ္စရပ်များ၊ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ချိုးဖောက်မှုများအား တိုက်ဖျက်ခြင်း၊ အငြင်းပွားမှုများအား  ဖြေရှင်းနိုင်ခြင်းဆိုင်ရာ  နည်းလမ်းများကို ဆွေးနွေးဖလှယ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကလည်း မိမိတို့နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။