ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပလျက်ရှိ

Mon, 03/13/2023 - 10:02 -- ipICTdep

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်၍ အာဏာ သက်ဝင်တော့မည်ဖြစ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၌ နေပြည်တော် ရုံးအမှတ်(၃)ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၈၅) ဦး  တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများသို့ UMFCCI နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း တက်ရောက်အောင်မြင် ပြီးသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ (၁၆-၃-၂၀၂၃) ရက်နေ့တွင် လည်းကောင်း၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ (၁၇-၃-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ (၂၉-၃-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ (၃၁-၃-၂၀၂၃) ရက်နေ့တွင်လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ၎င်းဒေသရှိ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။