ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲနှင့်မူပိုင်ခွင့်ဦးစီးဌာနနှင့် CB ဘဏ်၊ AYA ဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှု (၅)နှစ်သက်တမ်းစာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားအား ရန်ကုန်မြို့ UMFCCI ၌ ကျင်းပ

Thu, 03/09/2023 - 09:48 -- ipICTdep

ရန်ကုန် မတ်လ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲနှင့် မူပိုင်ခွင့် ဦးစီးဌာနနှင့် CB ဘဏ်၊ AYA ဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှု (၅)နှစ် သက်တမ်းစာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနား ကို၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် (၉:၀၀) အချိန်၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပခဲ့သည်။

   အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ CB ဘဏ်နှင့် AYA ဘဏ်တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိထားသော ကိုယ်စားလှယ်များ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ ကြသည်။

      ဆွေးနွေးပွဲတွင် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်သော မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် မကြာမီ အာဏာသက်ဝင်တော့မည် ဖြစ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားရာတွင် အခကြေးငွေကောက်ခံနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်ဘဏ်များနှင့် လက်မှတ်ရေးထိုးခြင်းအပြင် ကိုယ်စားလှယ်သင်တန်းဆင်းလက်မှတ်ရရှိသူများအတွက် မွမ်းမံသင်တန်းအဖြစ် ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်တွင်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာသက်ဝင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားရာတွင် အခကြေးငွေပေးသွင်းရန်အတွက် ဝန်ဆောင်ခအခကြေးငွေ များ သတ်မှတ်ခြင်းအမိန့်ကြော်ငြာစာကိုလည်း ဥပဒေအာဏာသက်ဝင်ချိန်တွင် ထုတ်ပြန်နိုင်ရန် ကြိုတင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါကြောင်း၊ အခကြေးငွေပေးသွင်းခြင်းကို အီလက်ထရောနစ်စနစ် (WIPO File) စနစ်ဖြင့် လျှောက်ထားသူများအတွက် အဆိုပါ (E-payment) စနစ်မှတစ်ဆင့် ပေးသွင်းရမည်ဖြစ်ကာ လျှောက်လွှာလက်ခံမည့်ဌာနများတွင် POS Device မှတစ်ဆင့် ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များသည် အသုံးပြုမည့်ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုအရေ အတွက်ပေါ် မူတည်၍ အခကြေးငွေ ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ကနဦးလက်ခံခြင်း (Soft Opening) ကာလအတွင်း အီလက်ထရောနစ်စနစ်မှတစ်ဆင့်ဖြစ်စေ၊ လျှောက်လွှာလက်ခံမည့်ဌာနများမှတစ်ဆင့်ဖြစ်စေ လျှောက်ထားသောအမှတ်တံဆိပ်များ၏ လျှောက်ထားသည့်နေ့ (Filing Date)သည် တရားဝင်ဖွင့်လှစ်သည့်နေ့ (Grand Opening Date)ကိုသာ တူညီစွာရရှိမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ မူပိုင်ခွင့်လျှောက်ထားလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်   ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ် မှတစ်ဆင့်ဖြစ်စေ၊ ဝန်ကြီးဌာန၏ Website မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရနှင့်ပြည်သူအတူ လက်တွဲ၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO FILE System) ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားခွဲခြားခြင်း (Nice Classification) အား  ရှင်းလင်းဆွေးနွေးခြင်းများအပြင် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO FILE System) ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ သရုပ်ပြသင်ကြားပေးခဲ့ကြသည်။ ထို့နောက်ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ လုပ်ထုံးလုပ်နည်းများ နှင့်စပ်လျဉ်းသည့် မေးခွန်းများနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ ထို့နောက်မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။