ဒေသဆိုင်ရာအညွှန်း(Geographical Indications, GIs)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Thu, 01/26/2023 - 17:00 -- ipICTdep

ဒေသဆိုင်ရာအညွှန်း(Geographical Indications, GIs)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

          ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒေသဆိုင်ရာအညွှန်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ စုစု ပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။

  •           မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်း အကာအကွယ် ပေးခြင်းနှင့် စပ်လျဉ်းသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ(၂၀၁၉)ပါ  ပြဋ္ဌာန်းချက် များကို အခန်း တစ်ခန်းဖြင့် သတ်မှတ်ဖော်ပြပေးထားကြောင်း၊ အဆိုပါ ဒေသဆိုင်ရာအညွှန်း ပြဋ္ဌာန်းချက် များကို အကောင်အထည်ဖော်ရန်အတွက် ဒေသဆိုင်ရာအညွှန်းနည်းဥပဒေကိုလည်း သီးခြား ရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးသွားမည်ဖြစ်ကြောင်း၊  ကုန်အမှတ်တံဆိပ်နှင့်ဒေသဆိုင်ရာအညွှန်း အကာ အကွယ်ပေးခြင်းတို့တွင် သက်တမ်း၊  ပိုင်ဆိုင်သူ စသည့် မတူညီသောအချက်များ ပါဝင်ခြင်း ကြောင့် အချို့သောနိုင်ငံများ၌ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် ဥပဒေကို သီးသန့် ပြဋ္ဌာန်း ဆောင်ရွက်နေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊   မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ်ကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာ၌ ဒေသဆိုင်ရာအညွှန်း၏ အခန်းကဏ္ဍသည်   နိုင်ငံ့စီးပွားရေး အတွက် အဓိကအားထားရသည့် ပြည်တွင်းထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ပြီး ဒေသဆိုင်ရာအညွှန်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သင်တန်းများတက်ရောက်စေခြင်း နှင့် ဒေသဆိုင်ရာအညွှန်းစီမံကိန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းများကို  ဆောင်ရွက်ခဲ့ကြကြောင်း၊  ဒေသဆိုင်ရာအညွှန်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းဥပဒေ(မူကြမ်း)အပါအဝင် by-Laws များကို ပြင်ဆင်ရေးဆွဲလျက်ရှိရာ  ယခုဆွေးနွေးပွဲတွင် ဒေသဆိုင်ရာအညွှန်းအဖြစ် မှတ်ပုံတင် နိုင်ရန်အတွက် လိုအပ်မည့်အချက်များနှင့် ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးသွားမှာဖြစ်ကြောင်း၊  ၎င်းအပြင် မူပိုင်ခွင့်ဦးစီးဌာနမှ  အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများကိုလည်း သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးပေးသွားမှာ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ဒေသဆိုင်ရာအညွှန်း ကုန်ပစ္စည်းများအဖြစ် မှတ်ပုံတင်နိုင်ရေး ကြိုတင်ပြင်ဆင် ထားနိုင်ရန် ပရောဂျက်တစ်ခုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ရွှေဘိုပေါ်ဆန်း GI ရရှိရေး စီမံကိန်းမှ အတွေ့အကြုံဗဟုသုတများကို  ယခုဆွေးနွေးပွဲတွင်  ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက မျှဝေပေးသွားမှာ ဖြစ်ကြောင်း၊ အခုကဲ့သို့ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် မူပိုင်ခွင့်စနစ်၏ အကျိုးကျေးဇူးများကို သိရှိနားလည်ကြပြီး ပြည်တွင်းထုတ်ကုန်များ ဒေသဆိုင်ရာအညွှန်း မူပိုင်ခွင့်အကာအကွယ် ရယူထားခြင်းဖြင့် မိမိတို့၏အကျိုးစီးပွားများ တိုးတက်ရရှိနိုင်စေမှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၊ အသင်းသူ/အသင်းသားများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတများရရှိပြီး လုပ်ငန်းများအား မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ရေးနှင့် မူပိုင်ခွင့် ချိုးဖောက်မှုမှ အကာအကွယ်ရရှိစေရေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ်အတွင်း ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမော်က ဒေသဆိုင်ရာ အညွှန်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်မျိုးက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်းနှင့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက ရွှေဘိုပေါ်ဆန်း GI ရရှိရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍   ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းကြပြီး၊ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာ၌ ဒေသဆိုင်ရာ အညွှန်းသည် မူပိုင်ခွင့်ဆိုင်ရာ အရေးကြီးသောကဏ္ဍတစ်ခုတွင် ပါဝင်လျက်ရှိပြီး ဒေသအတွင်းရှိ ထင်ရှားကျော်ကြားပြီးသော ဒေသထွက်ကုန်များကို value added ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်လျက်ရှိကြောင်း၊မိမိတို့ဒေသအတွင်းမှ ထုတ်ကုန်များကိုမိမိတို့နိုင်ငံတွင် ဒေသဆိုင်ရာ အညွှန်းမူပိုင်ခွင့်အကာအကွယ်ရယူပြီးမှသာ အခြားသောနိုင်ငံများတွင် မှတ်ပုံတင် လျှောက်ထား နိုင်မည်ဖြစ်ပါကြောင်း၊GI ၏သဘောသဘာဝသည် အများအကျိုးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ဒေသအတွင်းရှိ အောင်မြင်ကျော်ကြားပြီးသော ထုတ်ကုန်များ၊ အလားအလာရှိ သောထုတ်ကုန်များကို ဖော်ထုတ်ခြင်းအားဖြင့် ဒေသဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် GI protection ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ Potential Product survey ကိုပြင်သစ် အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ၏ထုတ်ကုန်များကို အဆင့်ဆင့်ရွေးချယ်၍ အလားအလာ အကောင်းဆုံးထုတ်ကုန်(၁၀)ခုအနက် ပထမဆုံး အနေဖြင့် ရွှေဘိုပေါ်ဆန်းကို GI အဖြစ်စတင်ရရှိနိုင်ရန် ရွေးချယ်၍ ရွေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းသာမက မြန်မာနိုင်ငံအတွင်းရှိ အခြားသော ဒေသထွက်ကုန်များသည်လည်း  အလားအလာရှိသော ထုတ်ကုန်များဖြစ်ကြောင်း၊ GI protection ရရှိထားခြင်းဖြင့် ဒေသထွက်ကုန်များမှ အကျိုးအမြတ်များ ရရှိမည်ဖြစ်ပြီး နိုင်ငံစီးပွားဖွံဖြိုးတိုးတက်မည့်အပြင် အလုပ်အကိုင်ဖွံဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ ရရှိမည်ဖြစ်ကြောင်း၊ GI ထုတ်ကုန်များ ထွက်ပေါ်လာနိုင်ရေး အသိပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် Project Design တစ်ခု ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ design အရ GI နှင့်ပတ်သက်သည့် ဆောင်ရွက်ခဲ့သည်များကို သုံးသပ်သွားမည်ဖြစ်ကြောင်း၊ GI ထုတ်ကုန် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

Pages